မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် ကွယ်လွန်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်
Image caption မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်

၁၉၉၄ခုနှစ်ကတည်းက တိုင်းပြည်ခေါင်းဆောင် တာဝန်ကို ဖခင်ထံကနေ အရိုက်အရာ ဆက်ခံခဲ့တဲ့ ကင်မ်ဟာ ကျန်းမာရေး ကျဆင်း လာနေပြီး စီမံကိန်းတခုသွားစစ်နေစဉ် ရထားပေါ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

အမဲရောင် ဝတ်စုံ ဝတ်ထားတဲ့ သတင်း ကြေညာသူ အမျိုးသမီးက သူ့ အတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရဆုံး သတင်းကို ပြောပါမယ်ဆိုပြီး မစ္စတာ ကင်မ်ကွယ်လွန်တဲ့ သတင်းကို ငိုသံနဲ့ ကြေညာ သွား ပါတယ်။

ဒီသတင်းကို သိလိုက်ရပြီးတဲ့နောက် သန်းနဲ့ ချီတဲ့ မြောက်ကိုရီးယား လူမျိုးတွေ ယူကြုံး မရ ကြေကွဲ ဝမ်းနည်း ကြရတယ်လို့ Korea Central News Agency KCNA သတင်း ဌာနက ပြောပါတယ်။ လူတွေ ငိုကြွေး နေကြ တာတွေကိုလည်း ရုပ်မြင် သံကြားတွေ ပေါ်ကနေ တွေ့မြင် နေရ ပါတယ်။

သာမန်ပြည်သူတွေ အပြင် သူ့ရဲ့ အာဏာရ ပါတီဝင်တွေ ကလည်း သူတို့ ရုံးခန်း က စားပွဲတွေကို ထုရိုက်ပြီး ကြေကွဲ ဝမ်းနည်းမှုကို ထုတ်ဖော် ပြခဲ့ကြ ပါတယ်။ သူသေဆုံးတယ် ဆိုတာ မယုံ နိုင်ဘူး၊ သူမရှိတဲ့ နောက် ဘယ်လို ရှေ့ဆက် ကြရတော့ မှာလဲ စသဖြင့် တမ်းတ ငိုကြွေး ခဲ့ကြပါတယ်။

အခုတော့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် ကို ဆုံးရှုံး သွားခဲ့ရ ပြီးတဲ့ နောက်မှာ သူ့ အရိုက် အရာကို ဆက်ခံမယ့် သူ ဖြစ်တဲ့ သားဖြစ်သူ ကင်မ်ဂျုံအွန်းရဲ့ နောက်မှာ တညီ တညွတ်တည်း ထောက်ခံ အားပေးမှု ပြုကြမှာ ဖြစ်တယ်လို့ KCNA သတင်း ကနေ ထုတ်ဖော် ပြောခဲ့ပါတယ်။

ကင်မ်ဂျုံအီးလ်ရဲ့ စျာပန ကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ကင်မ်ဂျုံအီးလ်ရဲ့ ဘဝအကြောင်း

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်ဟာ ကမ္ဘာ့ နိုင်ငံတွေနဲ့ ဆက်ဆံမှု မရှိဘဲ သီးခြား နေလေ့ ရှိပြီး လူမြင်ကွင်းကို ထွက်ခဲ လှသူ လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင် ဖြစ်သူ ကင်မ်အီလ်ဆွန်း လိုပဲ အင်မတန် ကြီးမြတ်ပြီး တန်ခိုး ကြီးလှတဲ့ သူရဲကောင်း မျိုးချစ် တပ်မှူးကြီး အဖြစ် သူ့နိုင်ငံတွင်းမှာ သူတို့ကိုယ်သူတို့ ပုံဖော် ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပ မှာတော့ သူဟာ အာဏာရှင် တစ်ယောက် ဖြစ်တယ်လို့ မြင်ကြပါတယ်။ တောင်ကိုးရီးယား သတင်း မီဒီယာ တွေမှာဆို ကင်မ်ဂျုံအီးလ်ဟာ ဆံပင်ကောက် ထားပြီး ခုံမြင့် ဘိနပ်စီးထားတဲ့ ပလေးဘွိုင်း တစ်ယောက်သာ ဖြစ်ပြီး သူ့ကိုယ်သူသာ ဂရုစိုက် တတ်သူ အနှစ်မရှိတဲ့ လူ တစ်ယောက် လို့ ဖော်ပြခဲ့ကြ ပါတယ်။ ဒါ့အပြင် သူဟာ အရက်သေစာကို အလွန် မက်မောသူ ဟောလီးဝုဒ် ရုပ်ရှင်တွေကို အလွန် ကြိုက်နှစ် သက်သူ လို့ လည်း ဖော်ပြ ပါတယ်။

ဒါပေမဲ့ သူနဲ့ တွေ့ဖူးသူ နိုင်ငံခြားသား တချို့ ကတော့ မစ္စတာ ကင်မ်ဂျုံအီးလ်ဟာ ယဉ်ကျေးပြီး နိုးကြား တက်ကြွသူ၊ ဉာဏ်ပညာ ရှိသူ လို့ ပြောကြပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက တောင်ကိုးရီးယား ဘက်က ပုံဖော်ခဲ့သလို အသိဉာဏ် ပညာ ကင်းမဲ့သူ တော့ မဟုတ် ပါဘူးလို့ သံတမန်တဦးဖြစ်တဲ့ ဒေါက်တာ Horare ပြောပါတယ်။

ကင်မ်ဂျုံအီးလ်ဟာ ပြုပြင်ပြောင်လဲရေး သမား တစ်ယောက် ဖြစ်လာ လိမ့်မယ်ဆိုတဲ့ အစောပိုင်းက မျှော်လင့်ချက်တွေ ကလည်း အကောင် အထည် ပေါ်မလာခဲ့ပါဘူး။ စီးပွားရေးမှာ ကိုင်တွယ် ဆောင်ရွက်မှုညံ့ဖျင်းတဲ့ အတွက် ပြည်သူတွေ အတိဒုက္ခ ရောက်ခဲ့ ကြရပြီးအခု ခေတ်သစ် အဆိုးဝါးဆုံးသော ငတ်မွတ် ခေါင်းပါးမှုဒဏ်ကြောင့် လူ တစ်သန်း သေဆုံးခဲ့ရပါတယ်။

စစ်တပ်အတွင်းမှာ သူ့ကို မကျေနပ်မှုတွေ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ရော ကောလဟာလတွေ အမျိုးမျိုး ထွက်ခဲ့ ပါတယ်။ ဒါပေမဲ့ ကင်မ်ဂျုံအီးလ်းကတော့ သူစွဲစွဲ မြဲမြဲ ယုံကြည်တဲ့ အတိုင်း တစိုက် မတ်မတ် လုပ်ဆောင် သွားခဲ့သူ ဖြစ်ပါတယ်။