အဲန်အယ်လ်ဒီက ခေါင်းဆောင်တွေ ရွေး

NLD elects leaders ဓာတ်ပုံ မူပိုင် AFP
Image caption ပါတီသစ်မှတ်ပုံတင်ဖို့ ခေါင်းဆောင်တွေ ရွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်လ်ဒီက ပါတီတည်ထောင်ခွင့် လျှောက်ထားဖို့ အတွက် ပါတီ ခေါင်းဆောင် နှစ်ဦးကို တနင်္လာနေ့မှာ ရွေးချယ်ခဲ့ပါတယ်။

ခေါင်းဆောင်အဖြစ် လက်ရှိ ဒုတိယ ဥက္ကဌ သူရဦးတင်ဦးနဲ့ ဒုတိယခေါင်းဆောင် အဖြစ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ကို ရွေးချယ်လိုက်ကြောင်း ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပြပါတယ်။

ပါတီကို တရားဝင်မှတ်ပုံတင်ဖို့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လာမဲ့ သောကြာနေ့မှာ နေပြည်တော်က ကော်မရှင်ရုံးကို သွားကြမှာလဲ ဖြစ်ပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုတော့ ပါတီ မှတ်ပုံတင်ကျလာပြီးမှ ရွေးချယ်မှာ ဖြစ်ပြီး အဲဒီအခါမှ ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဝင်ရောက် ယှဉ်ပြိုင်မလဲ ဆိုတာ ကိုလည်းရွေးချယ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ပါတီရဲ့ ကိုယ်စားလှယ်တွေ အဖြစ် အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်းသားတွေကို ဦးစားပေး ရွေးချယ်မှာ ဖြစ်ပြီး၊ ပညာအရည်အချင်းနဲ့ လုပ်ငန်း အတွေ့အကြုံ ရှိမှုတွေကိုလည်း ထည့် စဉ်းစား သွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခု လောလောဆယ်မှာတော့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပြည်နယ်နဲ့ တိုင်း အသီးသီးမှာ အောင်နိုင်ရေး အဖွဲ့တွေ ဖွဲ့စည်းသွားဖို့ စီစဉ်နေတယ်လို့လဲ သိရပါတယ်။