ပြည်ပနေ မြန်မာတွေ အခွန် လွတ် တော့ မည်

Tax exemption
Image caption အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ အမိန့်ထွက်လာ

မြန်မာ အစိုးရက ပြည်ပမှာ နေထိုင် လုပ်ကိုင်နေတဲ့ မြန်မာ နိုင်ငံသားတွေ အားလုံး ရဲ့ လစာ ဝင်ငွေပေါ်ကနေ ပေးဆောင်နေရတဲ့ အခွန်တွေ အားလုံး ကင်းလွတ်ခွင့် ပေးလိုက် ပါတယ်။

ပြည်ထောင်စု အစိုးရ အဖွဲ့က ဒီဇင်ဘာလ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့် ကြော်ငြာစာ ထဲမှာ ဒီ အမိန့်ဟာ လာမယ့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး အကျိုး သက်ရောက်မှာ ဖြစ်ပါတယ်။

ဒီလို ကင်းလွတ်ခွင့် ပေးတဲ့ ကိစ္စကို အခွန် ဦးစီး ဌာန ဦးစီး အရာရှိ တစ်ယောက်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ အခွန် ကင်းလွတ်ခွင့် ဆိုတာဟာ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေ ရနေတဲ့ ဝင်ငွေ လစာ အပေါ် ကောက်ခံ နေတဲ့ လစာဝင်ငွေခွန်ကိုသာ ကင်းလွတ်ခွင့် ပေးလိုက်တာ ဖြစ်ပြီး တခြား နည်းနဲ့ ရတဲ့ ဝင်ငွေ အပေါ် ပေးဆောင် ရတဲ့ အခွန် တော့ ပါဝင် ခြင်း မရှိဘူးလို့ သိရပါတယ်။

လောလောဆယ်မှာ နိုင်ငံ ရပ်ခြားကို သွားရောက် အလုပ် လုပ်ကိုင် နေကြတဲ့ မြန်မာ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားကြသူ မြန်မာ နိုင်ငံသား တွေဟာ သက်ဆိုင်ရာ နိုင်ငံ အသီးသီးက သံရုံးတွေဆီ သွားရောက်ပြီး နိုင်ငံကူး လက်မှတ်ကို သက်တမ်း တိုးတဲ့ အခါမှာ ဖြစ်စေ၊ မြန်မာ နိုင်ငံကို ခေတ္တ ပြန်ဖို့ အခွန် ကင်းရှင်းကြောင်း ထောက်ခံစာ လျှောက်ထားတဲ့ အခါမှာ ဖြစ်စေ သူတို့ လစာငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ငွေ အဖြစ် ပေးဆောင် ကြရ ပါတယ်။

အခု အခွန် ကင်းလွတ်ခွင့် အမိန့်စာ သစ်အရ ဆိုရင်တော့ အဲဒီလို ပေးဆောင်စရာ မလိုတော့ ဘူးလို့ အခွန် ဦးစီးဌာန အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူး ဦးဟန်ထွန်း က ပြော ပါတယ်။

ပြည်ပမှာ သွားရောက် အလုပ် လုပ်ကိုင်ကြသူတွေဟာ မိသားစုကို ငွေလွှဲတဲ့ အခါ အခွန်ဆောင်ပြီးသား ငွေကို ဘဏ်က ထပ် ဖြတ်တာမျိုး တွေရှိတဲ့ အတွက် ဟွန်ဒီခေါ် တရားမဝင် နည်းနဲ့ ငွေလွှဲကြတာ များပါတယ်။

အခုလို လစာငွေ အပေါ် အခွန် ကင်းလွတ်ခွင့် ပေးလိုက်လို့ အစိုးရ အနေနဲ့ ပြည်တွင်းကို နိုင်ငံခြားငွေ တရားဝင် စီးဝင် လာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို လုပ်ဆောင်တာ ဖြစ်နိုင် တယ်လို့လည်း ဦးဟန်ထွန်းက သုံးသပ် ပါတယ်။