မုံရွာမှာ စီမံကိန်းနဲ့ ရွာတွေ ရွှေ့ခိုင်း

sagiang ဓာတ်ပုံ မူပိုင် AFP
Image caption ကြေးနီ စီမံကိန်းနဲ့ကြောင့် လယ်သမား တွေ လယ်ဆုံး နေကြရ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဧရိယာနဲ့ မလွတ်လို့ ဆိုပြီးတော့ ပတ်ဝန်းကျင်က ကျေးရွာ လေးရွာကို သက်ဆိုင်ရာက အတင်းအကြပ် ရွေ့ပြောင်း ခိုင်းတာကြောင့် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင် နေရပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ နီးတဲ့ ဝက်မှေး၊ ကန်တော၊ ဆည်တဲနဲ့ ဇီးတော ရွာက ဒေသခံ တချို့ဟာ အာဏာပိုင်တွေ နောက်ဆုံး သတ်မှတ်တဲ့ ဒီဇင်ဘာ ရှစ်ရက်နေ့မှာ ရွေ့မပေး တာကြောင့် ဥပဒေ အရ အရေး ယူတာ ခံရမယ်ဆိုပြီး ဖိအားပေးတာ ခံနေရပါတယ်။

အိမ်ခြေတရာကျော်စီရှိတဲ့ ဒီရွာ လေးရွာထဲမှာ ဝှက်မှေးနဲ့ ကန်တော ရွာတွေက အိမ်ခြေ တဝက်လောက် ရွေ့ပြီး သွားပြီ ဖြစ်ပေမယ့် ဆည်တဲနဲ့ ဇီးတော ရွာကတော့ မရွေ့ သေးဘူး လို့ပြောပါတယ်။

ဝက်မှေးရွာမှာဆိုရင် အိမ်ခြေ တရာကျော် ရှိတဲ့ထဲက အိမ်ငယ်တဲ့ ၆၀ ကျော်ကတော့ ရွေ့ပေးပြီး ဖြစ်ပေမယ့် အိမ်ကြီး ရခိုင်နဲ့ နေတဲ့ တောင်သူကြီး ၄၈ အိမ် ကတော့ အာဏာ ပိုင်တွေရဲ့ အမိန့်ကို တင်းခံ နေကြပါတယ်။

အခု ရွေ့ပြောင်းတဲ့ ရွာသစ် နေရာဟာ မူလနေရာနဲ့ ၂မိုင်လောက် ဝေးပြီး အိမ်ဝိုင်း အစား ပေးတာကလည်း ကျဉ်းတယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေဘက်ကတော့ ရွေ့ပြောင်း စရိတ် အဖြစ် အိမ်အလိုက် ၂သောင်းကနေ ၅ သိန်း အထိ ပေးတယ်လို့ ဆိုပါတယ်။

ရွာသားတွေကတော့ ကာလတန်ကြေး အရ အတော် နည်းနေတယ်လို့ ပြောကြပါတယ်။

အာဏာပိုင်တွေ သတ်မှတ်တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ဒေသခံတွေ အကုန် မရွေ့သေးလို့ဆို ပြီးတော့ လယ်တီ ဆရာတော် ဘုရားကြီး သီတင်း သုံးခဲ့တဲ့ ဝက်မှေးရွာက ဘုန်းကြီး ကျောင်းကို အထက် အာဏာပိုင် ဖိအားနဲ့ ဒီဇင်ဘာ ၁၀ ရက်က အတင်း ရွေ့ခဲ့ပါတယ်။

ဒီလိုရွေ့တဲ့အချိန်မှာ ရွာသားတွေက ဝိုင်းဝန်း ကန့်ကွက်တော့လည်း ဒေသဆိုင်ရာ လုံခြုံရေး ရဲတွေက လက်နက် အပြည့်အစုံနဲ့ ခြိမ်းခြောက်တာ ခံခဲ့ရတယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဝှက်မှေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ရွေ့ပြီးသွားပြီလို့ သိရ ပါတယ်။

ဒီကိစ္စကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဆီ အသနား ခံစာ တင်ပေမယ့် မထူးခြားသေးတာ ကြောင့် အိုင်အယ်လ်အိုကို ဆက်လက် တိုင်ကြား ထားတယ်လို့ သိရပါတယ်။