ဂျပန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာနိုင်ငံအတွက် အကူအညီ

Japan FM ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်စုနဲ့ တွေ့ဆုံ

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအိချီရို ဂမ်ဘာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး မြန်မာနိုင်ငံကို အကူအညီတွေ ပြန်ပေးရေး နဲ့ ရင်းနှီးမြုပ်နှံမှု သဘောတူ စာချုပ် ချုပ်ဆိုရေး အတွက် ဆွေးနွေးခဲ့ပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှု တွေ ပိုမို ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာ အစိုးရဘက်က နိုင်ငံရေး အကျဉ်းသား တချို့လွှတ်ပေးခဲ့တာ၊ မီဒီယာတွေကို ချုပ်ချယ်ကန့်သတ်မှု တချို့ လျော့ပေါ့ပေးခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်တာကို ဂျပန် နိုင်ငံက တိုးတက်မှုလို့ မှတ်ယူပြီး အခုလို အကူအညီတွေ ပြန်လည်ပေးဖို့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ ချုပ်ဆိုဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဂမ်ဘာ တွေ့ဆုံကြချိန်မှာတော့ မြန်မာနိုင်ငံကို အကူအညီတွေ ပေးသလို ဒီမိုကရေစီ အဆောက်အအုံတွေ အားကောင်းကြံ့ခိုင်လာအောင် လည်း အကူအညီတွေ ပေးမယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဂျပန် နိုင်ငံခြားရေး ၀န်ကြီးကို တိုက်တွန်းခဲ့ပါတယ်။