အင်ဒိုနီးရှား ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ

Burma ဓာတ်ပုံ မူပိုင် AFP Getty
Image caption မစ္စတာ မာတီ နာတာလေ ဂါဝါ ဟာ ဒေါ်အောင်ဆန်း စုကြည်ကို သူ့ နေအိမ်မှာ သွားရောက် တွေ့ဆုံ

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာတီနာတာလေ ဂါဝါ ဟာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်း မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန်မြို့ မှာ တွေ့ဆုံ ခဲ့ပါတယ်။

တနာရီလောက် ကြာတဲ့ အဲဒီ တွေ့ဆုံမှု အပြီးမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ မစ္စတာ မာတီတို့ နှစ်ဦးလုံး က သတင်းထောက် တွေနဲ့ ခဏ တွေ့ဆုံ ခဲ့ပါတယ်။

မစ္စတာ နာတာလေ ဂါဝါက အာဆီယံ အနေနဲ့ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် တွေကို အရှိန်အဟုန် မပျက် ဆက်သွားဖို့ ဘယ်လို ဆောင်ရွက် နေတယ် ဆိုတာကို ဒေါ်အောင်ဆန်း စုကြည်ကို ရှင်းပြ ခဲ့ကြောင်း၊ နှစ်ဦး နှစ်ဖက် ကြားမှာ အတွေ့ အကြုံ ချင်း ဖလှယ် ခဲ့ကြကြောင်း နဲ့ မြန်မာ နိုင်ငံ ဒီမိုကရေစီ စံနစ်ဆီ ပြုပြင် ပြောင်းလဲ ရာမှာ အင်ဒိုနီးရှား နိုင်ငံ ကလည်း အားပေး ကူညီမှာ ဖြစ်ကြောင်း သတင်းထောက် တွေကို ပြန်ပြော ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ခုလို လာရောက် တွေ့ဆုံ တာကို ကျေးဇူး တင်ကြောင်း၊ မြန်မာ နိုင်ငံအရေး မှာ အင်ဒိုနီးရှားရဲ့ စိတ်ဝင်စားမှု ကိုလည်း ကျေးဇူး တင်ကြောင်း အင်္ဂလိပ် ဘာသာနဲ့ ပြောခဲ့ပါတယ်။

သူ့အနေနဲ့ မြန်မာနဲ့ အာဆီယံ နိုင်ငံတွေ ကြားမှာ ဆက်ဆံရေး ကောင်းမွန်ဖို့ ဆန္ဒ ရှိတဲ့ အကြောင်းတွေ ကို ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့ပါတယ်။