ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့်

u win tin
Image caption ဦးချစ်မောင် စာ သတင်းစာဆရာ တွေ ထဲ နေတဆူ လ တဆူ အဖြစ်ရှိနေ လို့ ဆို

မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲဝင် ကာလ က ထင်ရှားကျော်ကြား ခဲ့တဲ့ ဂျာနယ်ကျော် ဦးချစ်မောင် ရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနား ကို တနင်္ဂနွေနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဦးစီး ကျင်းပ ခဲ့ပါတယ်။

မြန်မာ့ သတင်းစာ စာနယ်ဇင်းလောက မှာ နေတဆူ လတဆူ လို ထွန်းတောက်ခဲ့တဲ့ ဂျာနယ်ကျော် ဦးချစ်မောင် ကို ဂုဏ်ပြုဖို့ အတွက် အခု အခမ်း အနား ကို စီစဉ်ရတာ ဖြစ်ကြောင်း နဲ့ ဦးချစ်မောင် ဂျာနယ်ကျော်မှာ ရေးသားခဲ့တဲ့ အာဘော်တွေ ဆောင်းပါးတွေ ဟာ မြန်မာ့ နိုင်ငံရေး ကို အဲဒီ အချိန် က ပါဝင်လှုပ်ရှားသူ တွေ အတွက် ရှင်းလင်း တဲ့ အမြင်ကို ရစေခဲ့ တယ် လို့ NLD ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးဝင်းတင် က ပြောပါတယ်။

ဂျာနယ်ကျော် ဂျာနယ် ကို ဦးစီးထုတ်ဝေခဲ့သူ ဦးချစ်မောင် ဟာ ဖက်ဆစ်တော်လှန်ရေး ကာလ မှာ မြေအောက်လှုပ်ရှားသူ တဦးလည်း ဖြစ်ခဲ့သလို ဖဆပလ အဖွဲ့ရဲ့ အလုပ် အမှုဆောင် တဦးလည်း ဖြစ်ခဲ့ ပါတယ်။

သူရေးသား ခဲ့တဲ့ စာအုပ် တွေ ထဲက သူ ၊ ကမ္ဘာကြီး ပျက်ဆီးတော့မည်လော စတဲ့ စာအုပ် တွေ က လူကြိုက်များခဲ့ပါတယ်။

သူကွယ်လွန်ပြီး နောက်ပိုင်း ဇနီးဖြစ်သူ ဂျာနယ်ကျော် မမလေး က ဦးချစ်မောင် အကြောင်း ကို သူလိုလူ အမည် နဲ့ စာအုပ်ရေးသား ခဲ့ပြီး အဲဒီ စာအုပ် ဟာ လည်း လူ အဖတ်များ တဲ့ စာအုပ် တအုပ် ဖြစ်ခဲ့ပါတယ်။