နိုင်ငံရေးအကျဉ်းသားအာလုံး လွှတ်ပေးဖို့ ၈၈ ကျောင်းသားများတောင်းဆို

Image caption ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ပြန်မလွတ်သေး

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်ဆိုတာကို ရိုးသားစွာလက်ခံပြီး၊ သူတို့အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားများက တောင်းဆိုလိုက် ပါတယ်။

နိုင်ငံရေး အကျဉ်းသားပြဿနာနဲ့ ပြည်တွင်းစစ် ပြဿနာကိုဖြေရှင်းရာမှာ၊ အရှိကို အရှိ အတိုင်း လက်ခံကြဖို့ လိုအပ်ကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အစိုးရက ငြင်းနေတာ ဟာ ပြဿနာကို ပိုမိုကြီးထွားလာစေမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

တိုင်းပြည်ကို တိုးတက်ချင်တယ် ဆိုရင် ဒီကိစ္စတွေကို နေ့ရွှေ့ ညရွှေ့ လုပ်နေလို့မရကြောင်းနဲ့ အခုလက်ရှိ ဖြစ်ပေါ်တိုးတက်မှုဆိုတာဟာလည်း အပေါ်ယံ သဘောပဲရှိကြောင်း ကိုထွန်းမြင့်အောင်က ဆက်ပြီး ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုကို သွားတဲ့နေရာမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် လူထုကို အခြေပြုတဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။