လွတ်လာသူတွေထဲ နိုင်ငံရေး အကျဉ်းသား မပါ သလောက်ဖြစ်

လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အဖြစ် ထုတ်ပြန် ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အရ မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးက အကျဉ်းသားတွေ အင်္ဂါနေ့က စတင် လွတ်မြောက်လာ ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အကျဉ်းသား မိသားစုတွေက ထောင်ရှေ့မှာ မျှော်လင့် ချက် တွေနဲ့ စောင့်စား နေကြ

အဲဒီ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၂ ယောက်ပဲ ပါတယ်လို့ လွတ်လာတဲ့ အကျဉ်းသား စာရင်းကို ပြုစုနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှာက်ရေး အဖွဲ့ရဲ့ စာရင်း အရ သိရ ပါတယ်။

အခုလို ပြန် လွှတ်ပေး လိုက်သူတွေထဲမှာ နှစ်ရှည် ထောင်ဒဏ် ကျခံ နေရတဲ့ အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ တော့ မပါဝင် ပါဘူး။

အတိုက်အခံ အင်အားစုတွေ ကတော့ နိုင်ငံရေး အကျဉ်းသား အနည်း အကျဉ်း ကိုသာပြန် လွှတ်ပေးတဲ့ အတွက် စိတ်ပျက် မိကြောင်း ပြောပါတယ်။

ပြန်လွတ် လာသူတွေ အများစုဟာ ရာဇဝတ်မှုနဲ့ ထောင်ဒဏ် ကျခံ နေရသူတွေ ဖြစ်ကြ ပါတယ်။

အင်းစိန်ထောင်က ပြန်လွတ် လာကြသူ အကျဉ်းသား အတော်များများ ရှိပေမဲ့ နိုင်ငံရေး အကျဉ်းသားက သုံးယောက်ပဲ ပါရှိ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ စက်တင်ဘာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စာရွက် စာတမ်းတွေ တရားမဝင် ဖြန့်ချိမှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ် ခံခဲ့ရသူ ဖြစ်ပြီး လွတ်ရက် စေ့ဖို့ ၉လ အလိုမှာ အင်းစိန်ထောင် ကနေ ပြန်လွတ် လာတဲ့ မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ် တာဝန်ခံ ကိုသန်းနိုင်ဦး ကတော့ နိုင်ငံရေး အကျဉ်းသား အနည်းငယ် ကိုသာ ပြန်လွှတ်ပေးခဲ့တာ ကို အားမရ ဖြစ်မိပြီး များများ လွှတ်ပေး စေချင်တယ်လို့ ပြောပါတယ်။

အန်အယ်လ်ဒီရဲ့ တုံ့ပြန်ချက်

Image caption နိုင်ငံရေး အကျဉ်းသား တွေ ထပ်လွတ် လာရေး ဦးတင်ဦး မျှော်လင့်နေ

အကျဉ်းထောင်တွေ ထဲမှာ ရှိနေ ကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ကို လွှတ်ပေးဖို့ နိုင်ငံတကာ အသိုင်း အဝိုင်း ကတောင်းဆိုနေတာ ဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရပိုင်း ဆွေးနွေးမှုတွေ မှာလည်း လက်နက်ကိုင် တိုင်းရင်းသား များ အရေးနဲ့ နိုင်ငံရေး အကျဉ်းသား အရေးတို့ ပါဝင် ပါတယ်။

ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွတ်မလာ သေးပေမဲ့ နောက်ထပ် ပြန်လွတ်လာဖို့ မျှော်လင့်နေသေးတယ်၊ အခု အားလုံး ပြန်လွှတ် မပေးသေး တာကြောင့် တော့ နှစ်ဘက် ဆွေးနွေးမှုတွေ အပေါ် တစုံတရာ ထိခိုက်မှု မရှိ နိုင်ဘူးလို့ အန်ယ်လ်ဒီ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

လွှတ်တော်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ အပေါ် စာနာ ဂရုဏာ သက်သူ လွှတ်တော် အမတ်တွေ ရှိနေသလို အကျဉ်းသားတွေ လွှတ်ပေးဖို့ အဆို တင်သွင်း ကြသူတွေ ထဲမှာ လွှတ်တော်တွင်းက တပ်မတော်သားတွေ လည်း ပါဝင်နေတာမို့ အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် အန်အယ်လ်ဒီက ဆက်လက် တောင်းဆို နိုင်မယ့် အခြေ အနေမျိုး ဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

တိုင်းပြည်ရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ အစိုးရ အနေနဲ့ စိုးရိမ်မှု ရှိတာကို နားလည်နိုင် ကြောင်းနဲ့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ထိခိုက် နိုင်သူတွေက ဘယ်သူတွေ ဖြစ် နိုင်တယ်၊ လွှတ်သင့် သူတွေက ဘယ်သူ ဖြစ်သင့်တယ် ဆိုတာ တွေကို အန်အယ်လ်ဒီနဲ့ အစိုးရ နှစ်ဘက် ညှိနှိုင်း ပြီး လိုချင်တဲ့ ရလဒ် အဖြေ ရလာဖို့ မျှော်လင့်တယ် လို့ လည်း ဦးတင်ဦးက ပြောပါတယ်။