အစိုးရနဲ့ SSA တောင်ပိုင်း အဖွဲ့တို့ ထပ်မံ တွေ့ဆုံမယ်

SSA ဓာတ်ပုံ မူပိုင် taifreedom
Image caption ရှမ်းတောင်ပိုင်း အဖွဲ့နဲ့ မြန်မာအစိုးရတို့ နှစ်ကြိမ် ဆွေးနွေးခဲ့

SSA ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) အဖွဲ့နဲ့ မြန်မာ အစိုးရတို့ကြား ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး ဆွေးနွေး ကြဖို့ သဘော တူလိုက်ပြီ လို့ SSA ဘက်က ပြောပါတယ်။

မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ SSA ကိုယ်စားလှယ်တွေ ဒုတိယအကြိမ် တွေ့ဆုံ အပြီးမှာ အခုလို သဘောတူညီချက် ထွက်ပေါ် လာခဲ့ တာပါ။

ဇန်နဝါရီလ ၁ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ တွေ့ဆုံခဲ့ကြတဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာ အစိုးရ ဘက်က အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စပ်အောင်မြတ် တို့ပါဝင်ပြီး SSA ဘက်ကတော့ ဗိုလ်မှူးကြီး စိုင်းလ နဲ့ ဒုဗိုလ်မှူးကြီး စိုင်းငင်း တို့ တက်ရောက် ခဲ့ကြ ပါတယ်။

တွေ့ဆုံမယ့် နေ့ရက် အတိအကျကို မသတ်မှတ်ရ သေးပေမယ့် ဇန်နဝါရီလ ၁၅ ရက်နဲ့ ၂၀ ရက် ကြားမှာ ဖြစ်လိမ့်မယ်လို့ SSA တောင်ပိုင်း အဖွဲ့ရဲ့ ပြောခွင့် ရသူ ဗိုလ်မှူး ဆိုင်းလောဝ်ဆိုင် က ဆိုပါတယ်။

ဒီဆွေးနွေးပွဲ မှာဘဲ မြန်မာ အစိုးရဖက်က ပြည်သူ့စစ် အဖွဲ့တွေ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု ရှိနေတာကို အရေးယူ တားမြစ် ပေးဖို့ SSA ဘက်က တောင်းဆို ခဲ့တယ်လို့ သူက ဆိုပါတယ်။

SSA တောင်ပိုင်း အဖွဲ့နဲ့ မြန်မာ အစိုးရတို့ ကြား ဒီဇင်ဘာ ၁၇ ရက်နေ့ တုန်းက ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ ကြတာ ဖြစ်ပါတယ်။