အစိုးရ စစ်ရဟတ်ယာဉ်ကို KIA ပစ်ချ

Image caption ရဟတ်ယာဉ်ဟာ အရေးပေါ် ထိုးဆင်းသွားခဲ့ ရတယ် လို့ KIA ဘက်ကပြော

ကချင်ပြည်နယ်တွင်း အစိုးရ တပ်ဖွဲ့တွေနဲ့ ကချင်လွပ်လပ်ရေးတပ် KIA တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေရာ၊ အစိုးရ စစ်ရဟတ်ယာဉ် တစီးကို KIA ဘက်က ပစ်ချခဲ့တယ်လို့ သိရပါတယ်။

ဒီရဟတ်ယာဉ်ကို လွယ်ဂျယ် မိုးမောက်ဘက်မှာ အခုလ ၄ ရက်နေ့က ပစ်ချခဲ့တာ ဖြစ်ပြီး၊ ရဟတ်ယာဉ်ဟာ အရေးပေါ် ထိုးဆင်းသွားခဲ့ ရတယ်လို့ KIA ဘက်က ပြောပါတယ်။ ဒါပေမယ့် ထိခိုက် သေဆုံးမှုရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

နှစ်ဘက်တပ်ဖွဲ့တွေဟာ နီးနီးကပ်ကပ် အနေအထားမှာ ရှိနေပြီး တိုက်ပွဲတွေဟာလည်း နေ့စဉ်လို ဖြစ်ပွားနေတယ်လို့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာတွေကတော့ မြစ်ကြီးနား၊ မိုးကောင်းမြို့နယ်တွေအပါအဝင် နယ်စပ်က လွယ်ဂျယ် မိုးမောက်မြို့နယ်တွေမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါ တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ KIA နဲ့ အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးမယ့် အစီအစဉ်ဟာလည်း နှစ်ဘက်ပြင်ဆင်မှုတွေ လုပ်နေလို့ မလုပ်ဖြစ်ခဲ့ဘူးလို့ ဗိုလ်မှူးချုပ် ဂွန်မော်က ပြောပါတယ်။