ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်း စုကြည် ဝင်ပြိုင်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption လစ်လပ် မဲဆန္ဒနယ်မြေ ၄၈နေရာစလုံးမှာ NLD ဝင်ပြိုင်ဖို့ရှိ

မြန်မာနိုင်ငံမှာ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဒီကနေ့ အတည်ပြု ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ ၆ခုမှာ NLD ပါတီ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃ဦး၊ အမျိုးသား ကိုယ်စားလှယ်လောင်း ၃ဦး ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် NLD ရွေးကောက်ပွဲ ဗဟို အောင်နိုင်ရေး အဖွဲ့ အစည်းအဝေး ကျင်းပမယ့် ၁၂ရက်နေ့မှာမှ ကိုယ်စားလှယ်လောင်း စာရင်း အတိအကျကို ထုတ်ဖေါ် ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ် မဲဆန္ဒနယ်မြေ ၄၈ နေရာစလုံးမှာ NLD ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ အစောပိုင်းက ကြေညာထားပါတယ်။

NLD ပါတီအနေနဲ့ မဲဆွယ် စည်းရုံးမှုတွေ လုပ်တဲ့အခါ အရှိအရှိအတိုင်း စည်းရုံးသွားမှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

NLD ပါတီကို တရားဝင် ပါတီအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က လက်ခံ အတည်ပြုခဲ့အပြီး အခုရက်ပိုင်းအတွင်းမှာပဲ ပါတီ ဝင်ခွင့် လျှောက်လွှာ ပုံစံပေါင်း တစ်သိန်းလောက် ရောင်းပြီး သွားပြီလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။