ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ၂၀၀၇ သံဃာ့ လှုပ်ရှားမှု မှာ ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ အရှင်ဂမ္ဘီရနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ အပါအဝင် အထင်ကရ နိုင်ငံရေး အကျဉ်းသား အမြောက်အများ သောကြာနေ့မှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အကျဉ်းကျ နေသူ အားလုံး လွတ်မြောက်လာ

သမ္မတဦးသိန်းစိန်က အကျဉ်းသား ၆၅၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီးနောက်၊ နိုင်ငံတဝန်းမှာ ရှိတဲ့ အကျဉ်းထောင် အသီးသီး ကနေ အခုလို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး၊ တချိန်က ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်လည်း ပြန်လွတ်လာတဲ့ အထဲမှာ ပါဝင်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားမျာအဖွဲ့က အကျဉ်းကျ ခံနေရသူ အားလုံး ပြန်လည် လွတ်မြောက် လာခဲ့တာဖြစ်ပြီး၊ Burma VJ သတင်းထောက်တွေလည်း ပြန်လွတ်လာ ကြပါတယ်။

တောင်ကြီးထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးထဲက ၁၀ ဦး ပြန်လွတ်လာ ပြီး ဦးရွှေထူး တဦးသာ မလွတ်မြောက်သေးဘဲ ကျန်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် အင်းစိန်ထောင်ကနေ အကျဉ်းသားတွေ ထွက်လာချိန်မှာတော့ ရာထောင်ချီတဲ့ လူတွေဟာ ထောင်အပြင်ကနေ ကြိုဆိုခဲ့ကြပါတယ်။

လွတ်မြောက်လာသူတွေရဲ့ အမြင်

ဘူးသီးတောင် အကျဉ်းထောင် ကနေ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ် ကတော့ အခုလို အားလုံးကို တခါတည်း ပြန်လွှတ်ပေးတဲ့အတွက် အလား အလာကောင်းတခုလို့ ထင်မြင်မိကြောင်း ဘီဘီစီကို ပြောပါတယ်။

ကိုဂျင်မီကတော့ တောင်ကြီး အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာတာဖြစ်ပြီး၊ သူက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီး အခုအစိုးရသစ်ဟာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ လမ်းကြောင်းကို လက်ခံပြီ ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

မြောင်းမြထောင်က ပြန်လွတ်လာတဲ့ အရှင်ဂမ္ဘီရကတော့ အစိုးရက နိုင်ငံရေးအကျဉ်းသား တွေကို လွှတ်ပေးတဲ့ပုံဟာ ရိုးသားမှုမရှိကြောင်းနဲ့၊ သူ့အနေနဲ့တော့ နိုင်ငံရေးကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မနီလာသိန်းကတော့ သာယာဝတီထောင်ကနေ ပြန်လွတ်လာတာဖြစ်ပြီး၊ ထောင်ထဲမှာ ကျန်နေသေးသူတွေ အတွက် မပျှော်ရွှင်နိုင်ကြောင်းကို သူကပြောပါတယ်။ မြင်းခြံထောင်က လွတ်လာသူ မသက်သက်အောင်ကတော့ ရွေးကောက်ပွဲဝင်မယ့်သူတွေကို ဝန်းရံပေးမယ်လို့ ဆိုပါတယ်။

ဘလော့ဂါ နေဘုန်းလတ်ကလည်း ကျင့်ထုံး ဥပဒေ ၄၀၁ နဲ့ ပြန်လွှတ်ပေးတာ ဖြစ်တဲ့အတွက် စိတ်ကသိကအောက် ဖြစ်ရကြောင်းနဲ့ နိုင်ငံရေးကို ဆက်လုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ထပ် ပြန်လွတ်လာသူတဦးဖြစ်တဲ့ ဝါးခယ်မမြို့နယ်က NLD အတွင်းရေးမှူးက ရွေးကောက်ပွဲဝင်မယ့် သူတွေကို ကူညီသွားမယ်လို့ ပြောပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ပြန်လွှတ်ပေးလိုက်တာဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်တွေထဲက အရေးပါဆုံးသော ဆောင်ရွက် မှု အဆင့်တခု အဖြစ် အများက သုံးသပ်နေကြပါတယ်။