ငွေလဲနှုန်း တသမတ်တည်း ဖြစ်ရေး ဆွေးနွေးပြောဆို

ဓာတ်ပုံ မူပိုင် AP
Image caption အခုနှစ်အတွင်း ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တသမတ်တည်း သတ်မှတ်နိုင်ဖို့ မျှော်လင့်နေကြ

မြန်မာနိုင်ငံမှာ မြန်မာကျပ်ငွေနဲ့ နိုင်ငံခြား ငွေ လဲလှယ်မှုနှုန်း တသမတ်တည်း သတ်မှတ် ထားရှိရေး အတွက် ကမ္ဘာ့ဘဏ်၊ ADB အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး ဒီကနေ့ အင်္ဂါနေ့မှာ မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ငွေလဲလှယ်နှုန်း တသမတ်တည်း ထားရှိနိုင်ရေး အတွက် ကုန်သွယ်ဘက် နိုင်ငံတွေနဲ့ လဲလှယ်နှုန်းတွေကို ချိန်ထိုး ကြည့်ရမှာ ဖြစ်တယ်လို့ အဲဒီ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဌ ဦးသန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ငွေကြေး စျေးကွက်မှာ ဗဟိုဘဏ်က ဝင်ရောက် စွက်ဖက်နိုင်မယ့် ဥပဒေ ပြင်ဆင်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေ လုံးလုံး မလွတ်သေးတာ ကြောင့် လောလောဆယ်မှာ ဒီအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် နည်းပညာ အရသာ အကူအညီ ပေးမှာ ဖြစ်ကြောင်း၊ ဒဏ်ခတ် ပိတ်ဆို့ထားမှုတွေ လွတ်သွားရင်တော့ ငွေကြေးအကူအညီ ပေးတာတွေ လုပ်နိုင်တော့မှာ ဖြစ်ကြောင်း ဦးသန်းလွင်က ပြောပါတယ်။

အခုနှစ်အတွင်းမှာ မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း တသမတ်တည်း သတ်မှတ် ထားရှိနိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း ဆိုပါတယ်။