KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ တွေ့ဆုံ

ဓာတ်ပုံ မူပိုင် kachinnet
Image caption ဆွေးနွေးပွဲကို ၂ရက်ကြာ ကျင်းပဖို့ စီစဉ်ထား

KIO ကချင် လွတ်မြောက်ရေး အဖွဲ့နဲ့ ပြည်ထောင်စု အဆင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့က ကိုယ်စားလှယ်တွေဟာ နှစ်ဘက် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရေးအတွက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တရုတ်- မြန်မာ နယ်စပ် ရွှေလီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဘက်က ယာယီ အပစ်အခတ် ရပ်ဆိုင်း စေချင်နေပြီး သူ့နယ်မြေ ကိုယ့်နယ်မြေတွင်းက ဒုက္ခသည်တွေ အားလုံးကို ဝင်ရောက် အကူအညီ ပေးလိုတဲ့ ဆန္ဒရှိတယ်လို့ တင်ပြခဲ့တာ တွေ့ရကြောင်း အဲဒီ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ Yangon Times နဲ့ Flower News ဂျာနယ်တွေရဲ့ အယ်ဒီတာချုပ် ဦးကိုကို (စက်မှု တက္ကသိုလ်) က ဘီဘီစီကို ပြောပါတယ်။

KIO ဘက်ကတော့ ပြည်ထောင်စုကြီး တည်ငြိမ် အေးချမ်းရေးအတွက် တိုင်းရင်းသားတွေရဲ့ မူလ ရပိုင်ခွင့်တွေနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို အလေးအနက်ထားပြီး နိုင်ငံရေး ဆွေးနွေး မှုတွေ ဖေါ်ဆောင်သွားဖို့ လိုလားကြောင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲ အစပိုင်းမှာ ခပ်တန်းတန်း ထိန်းထိန်းသိမ်းသိမ်း ပြောဆိုခဲ့ကြပေမယ့် နောက်ပိုင်း မှာတော့ ပိုပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ရှိလာတာ တွေ့ရတယ်လို့ ဦးကိုကိုက ပြောပါတယ်။

KIO ဘက်က တင်ပြ ဆွေးနွေးထားချက်တွေကို အစိုးရ ကိုယ်စားလှယ်တွေက ယူဆောင် သွားပြီး မနက်ဖြန် ကြာသပတေးနေ့မှာ ပြန်လည်ဆွေးနွေးမှာ ဖြစ်ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးအောင်သောင်း၊ ဦးသိန်းဇော်၊ ဦးအောင်ကြည် တို့ ဦးဆောင်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ကချင် ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် တို့အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၁၄ ဦး ပါဝင်ပါတယ်။

KIO ကိုယ်စားလှယ် အဖွဲ့ကိုတော့ အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွန်လွတ်ဂမ် ဦးဆောင် ပြီး KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်၊ မဟာဗျူဟာ ဌာနကြီးမှူး ဗိုလ်မှူး ကြီး ဇော်တောင်၊ ဒုဗိုလ်မှူးကြီး ဂျီးနော် အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၁၂ ဦး တက်ရောက် ဆွေးနွေးခဲ့ပါတယ်။