အစိုးရနဲ့ KNLA ရှေ့အပတ် ငြိမ်းလက်မှတ်ထိုးမည်

KNLA
Image caption KNLA တပ်ဖွဲ့ဝင်များ

KNU ခွဲထွက် ဖြစ်တဲ့ KNLA ငြိမ်းချမ်း ရေး ကောင်စီ လာမယ့် သီတင်းပတ်မှာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ဖားအံမှာ လက်မှတ်ထိုးမှာ ဖြစ်ပါတယ်။

KNLA ဟာ နအဖ အစိုးရ လက်ထက် ၂၀၀၇ ခုနှစ်က KNU ကနေ ခွဲထွက်ပြီး အစိုးရနဲ့ အပစ် အခပ် ရပ်စဲဖို့ နှုတ်အားဖြင့် ကတိ ခံထား ခဲ့ပြီး တရားဝင် လက်မှတ် ရေးထိုးခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် KNLA ဟာ ၂၀၁၀ နှစ်လည်တုန်းက အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ် အတင်း ပြောင်းခိုင်းတုန်းကလည်း ငြင်းဆန်ခဲ့ ပါတယ်။

အဲဒိ အဖြစ်အပျက် နောက်ပိုင်းမှာ အစိုးရနဲ့ KNLA ဆက်ဆံရေး ကျဆင်းခဲ့ပြီး အစိုးရက KNLA ကို ပေးနေတဲ့ အခွင့်အရေး တချို့ကို ဖြတ်တောက်ခဲ့ပါတယ်။

အခု နောက်ဆုံး KNU အပါအဝင် တခြား လက်နက်ကိုင် အဖွဲ့တွေပါ အစိုးရနဲ့ အပစ် အခတ် ရပ်စဲရေး သဘော တူညီချက်တွေ လက်မှတ် ရေးထိုးလာရာမှာ KNLA ကလည်း အစိုးရနဲ့ တရားဝင် အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် လက်မှတ်ထိုးဖို့ လုပ်ဆောင် လာတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၇ ရက် နေ့မှာ တရားဝင် လက်မှတ် ရေးထိုးမယ်လို့ KNLA နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်ချုပ် တင်မသီက ဘီဘီစီကို ပြောပြပါတယ်။

ကရင် တိုင်းရင်းသား အားလုံး ကောင်းစားရေးကို ရှေးရှုပြီး ခုလို လက်မှတ် ရေးထိုးဖို့ ဆုံး ဖြတ်တာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် တင်မသီက ပြောပါတယ်။