ဒေါ်အောင်ဆန်းစုကြည်ကို အားပေးဝန်းရံမယ်လို့ ၈၈ ပြော

ဓာတ်ပုံ မူပိုင် AP
Image caption ၈၈မျိုးဆက် ကျောင်းသားတွေရဲ့ အချက် ၉ ချက်ပါ သဘောထားကို ဒီကနေ့ ထုတ်ပြန်ခဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းက အကျဉ်းထောင်တွေ ကနေ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ရန်ကုန်မြို့ တော်ဝင် စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပြီး သူတို့ရဲ့ အချက် ၉ ချက်ပါ သဘောထား ကြေညာချက်ကို ဒီကနေ့ ထုတ်ပြန် ခဲ့ပါ တယ်။

အဲဒီသတင်းစာရှင်းလင်းပွဲအစမှာ ၈၈ ကျောင်းသားခေါင်ဆောင် ကိုမင်းကိုနိုင်က သူတို့အနေနဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း နယ်ပယ်အသီသီးကို ဖြန့်ကျဲ ရောက်ရှိသွားတဲ့ ၈၈ မျိုးဆက်တွေနဲ့ ပြန်လက်တွဲပြီး အများအကျိုး တိုင်ပြည်အကျိုး လောကပါလတရား ၃ပါးထွန်းကားဖို့ ဆက်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်လိုသူနဲ့ မလုပ်လိုသူ လွန်ဆွဲမှုမှာ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေဘက်က ပါမှာဖြစ်ပြီး သူတို့နဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လဲ ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မေးမြန်းတာကို ကိုကိုကြီးက ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆုံးဖြတ်ချက်ကို ထောက်ခံတယ်ဆိုတာဟာ အင်မတန်စွန့်စားရတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိတို့နဲ့ အတူ နိုင်ငံသားတွေနဲ့အတူ ဒုက္ခသုက္ခ အ၀၀ကို ခံစားပြီးတဲ့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွေ့ကျတဲ့ ရွေးချယ်မှုတစ်ခု၊ စွန့်စားပြီးတော့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြောင်း ပြောခဲ့ပါတယ်။

နောက်ပြီး ၈၈ ခုနှစ်ကတည်းက ပါ၀င်လှုပ်ရှားခဲ့တဲ့ မိမိတို့ လုပ်ဖော်ကိုင်ဖက်တွေ တစ်သီးပုဂ္ဂလအနေနဲ့ အခုရွေးကောက်ပွဲ ၀င်သွားတာတွေနဲ့ ပတ်သက်ပြီး တော့လည်း နားလည်မှု အပြည့်အ၀နဲ့ အသိအမှတ်ပြုတယ်၊ ဒါပေမယ့် မိမိတို့ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ကတော့ ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ကိုကိုကြီးကပြောပါတယ်။

နိုင်ငံရေးပါတီထောင်မထောင်ဆိုတဲ့ အပေါ်မှာတော့ ဘယ်လိုပုံစံနဲ့ ဘယ်လောက် လွတ် လွတ်လပ်လပ်ပါဝင်ခွင့်ရှိမလဲ၊ လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ မပါဝင်ရသေးသူတွေ ဘယ်လိုပါဝင်ခွင့်ရမလဲ ဆိုတဲ့ အခြေအနေကို စောင့်ကြည့်ပြီး အချိန်ယူစဉ်းစားမယ်လို့ ကိုလှမျိုးနောင်က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အခုလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကနေတဆင့် ပိုပြီးကျယ်ပြန့်ကြည့်စုံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉိဖြစ်အောင် အမျိုးသားအင်အားစုအားလုံးနဲ့ လက်တွဲဆောင်ရွက်မယ်လို့ သဘောထားထုတ်ပြန်ကြားချက်မှာဖေါ်ပြထားပါတယ်။

နောက်ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ ပြည်ပရောက်နေတဲ့ နိုင်ငံရေးအင်အားစုတွေကို ဂုဏ်သိက္ခာရှိရှိ နိုင်ငံကို ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားပါတယ်။

အခုလို ၈၈ မျိုဆက် ကျောင်းသားတွေရဲ့ သဘောထားထုတ်ပြန်ချက်ကို ထောက်ခံကြောင်း၊ ဒါပေမယ့် အဓိကကျတဲ့ ပြည်ထောင်စု တည်မြဲရေးနဲ့ပတ်သက်ပြီး ပင်လုံ ညီလာခံသဘောတူညီချက်ကို အကောင်အထည်ဖေါ်ရေးဆိုတာပါသင့်သလို လက်ရှိနိုင်ငံရေး အခြေအနေမှာ သွေးခွဲမှုတွေ ရှိနိုင်တာကို သတိထားဖို့ လိုတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နဲ့ ထောက်လှမ်းရေးဟောင်းတွေ ပြန်လွတ်လာခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအရေး ဆောင်းပါးတွေ ရေးသားနေတဲ့ ကနေဒါနိုင်ငံက ပါမောက္ခဝင်းကို သုံးသပ်ပြောဆိုခဲ့ပါတယ်။