နောက်ဆုံး ရေးသားချိန် 22 ဇန်နဝါရီလ 2012 - 16:29 GMT

ပြန်လွတ်လာသူ နိုင်/ကျဉ်းသားဟောင်း ကိုသက်နွယ် ကွယ်လွန်

ကိုသက်နွယ် လက်နက်တွေ သိမ်းဆည်းထား တယ် ဆိုပြီး၂၀၀၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရတာပါ

အင်းစိန်ထောင်အတွင်း သေလုမျောပါး ဖြစ်နေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသက်နွယ်ဟာ ဇန်နဝါရီ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာ ပေမယ့်လည်း ဆေးကုသချိန် မမီတော့တဲ့ အတွက် တနင်္ဂနွေနေ့က ကွယ်လွန်သွား ခဲ့ပါတယ်။

ထောင်ဒဏ် ၃၈ နှစ်ကျခံခဲ့ရတဲ့ ကိုသက်နွယ် (ခေါ်) ကဗျာဆရာ ငြိမ်းလူ ထောင်ကျနေစဉ်က သူ့ကို ပြင်ပထွက်ပြီး ဆေးကုသခွင့်ပေးဖို့ သူ့မိသားစုက တောင်းဆိုခဲ့ ပေမယ့် မရရှိခဲ့ဘဲ အခုပြန်လွတ်လာချိန်မှာတော့ ထောင်တွင်းက ပါလာတဲ့ ဝေဒနာတွေနဲ့ဘဲ တနင်္ဂနွေနေ့ နေ့လည်က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ သူဟာ အသက် ၅၄ နှစ်ရှိပြီဖြစ်ပါတယ်။

ကိုသက်နွယ် ထောင်ထဲမှာ နေမကောင်းဖြစ်တုန်းက အပြင်မှာ ဆေးကုသခွင့် ပေးခဲ့ရင် ခုလို အဖြစ်ဆိုးနဲ့ ကြုံရမှာ မဟုတ်ဘူးလို့ ကိုသက်နွယ်ရဲ့အမ ဒေါ်မာလာနွယ်က ပြောပါ တယ်။

ကိုသက်နွယ် ထောင်က လွတ်လာလာချင်း သူ့ကို ဘားလမ်းဆေးရုံပေါ်ကို တင်ခဲ့ပေမယ့် သူ့ရဲ့ အသည်းက လုံး၀ ကျွမ်းနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကြောရေးမှာ ကိုသက်နွယ်ဟာ ဖိနပ်တွေနဲ့ နံရိုးတွေကို အကန်ခံရပြီး၊ သွားတွေအားလုံး လည်း ရိုက်ချိုးခံရကာ အာရုံကြောတွေ လုံးဝ ပျက်စီးနေခဲ့တာလို့ ဒေါမာလာနွယ်က ဆက်ပြောပါတယ်။

ကိုသက်နွယ်ဟာ ပြည်ပအခြေစိုက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး လက်နက်တွေ သိမ်းဆည်းထား တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၂ ခုနှစ်ဒီဇင်ဘာလက အမဖြစ်တဲ့ ဒေါ်မာလာနွယ်နဲ့ အတူ ဖမ်းဆီးခံခဲ့ရတာပါ။

ဒေါ်မာလာနွယ်ကတော့ ထောင်ဒဏ် တသက်တကျွန်း ကျခံရပြီး ၂၀၀၅ ခုနှစ်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမယ့် ကိုသက်နွယ်ကတော့ ထောင်ဒဏ် ၃၈နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုသက်နွယ်ရဲ့ ဈာပနကိုတော့ ဇန်နဝါရီ ၂၄ ရက်နေ့ကျရင် ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ် မယ်လို့ သိရပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။