မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စိုးရိမ်ရဆဲ

တိုင်းရင်းသားဒေသ တိုက်ပွဲတွေအတွင်း ပေါ်တာ ဆွဲမှုတွေရှိကြောင်း ရေးထား ဓာတ်ပုံ မူပိုင် HRW
Image caption တိုင်းရင်းသား ဒေသ တိုက်ပွဲတွေအတွင်း ပေါ်တာ ဆွဲမှုတွေရှိကြောင်း ရေးထား

နိုင်ငံတကာ လူ့အခွင့်ရေး စောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ အနည်းငယ် တိုးတက်လာတဲ့ လက္ခဏာတွေ တွေ့နေရပေမယ့် စိုးရိမ်စရာ အခြေအနေတွေ အများအပြား ရှိနေဆဲဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

မြန်မာ အစိုးရအနေနဲ့ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တချို့ ပြုလုပ်ခဲ့ပေမယ့် လည်း ပြီးခဲ့တဲ့နှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေမှာ အစိုးရ စစ်တပ်ဟာ အရပ်သားတွေအပေါ် နှိပ်စက် ညှင်းပန်း သတ်ဖြတ်မှုတွေနဲ့ အဓမ္မ ပြုကျင့်မှုတွေ ရှိခဲ့တယ်လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။

အစိုးရစစ်တပ်က မြေမြုပ်မိုင်း သုံးတာ ကလေးစစ်သား သုံးတာမျိုးကို တိုင်းရင်းသား လက်နက်ကိုင်တွေ ကြားမှာလည်းတွေ့ရတယ်လို့ ရေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး နိုင်ငံမြောက်ဘက် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက် ဖြစ်နေရာမှာ အဲဒီဒေသဘက်မှာ လူပေါင်း ၅ သောင်း လောက် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ မီဒီယာ လွတ်လပ်ခွင့် တချို့ပေးတာ၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာတွေကို လူ့အခွင့်အရေး တိုးတက်မှုအဖြစ် အဲဒီ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံ ၉၀ ကျော်က လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဆန်းစစ်ပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီအစီရင်ခံစာသစ် မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုလို ဖေါ်ပြထားတာ ဖြစ်ပါတယ်။