လယ်သမား အရေး မကွေးမှာ နှီးနှော ဖလှယ်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption လယ်သမား အရေးအတွက် ဦးဆောင် ဆန္ဒပြခဲ့တဲ့ ရှေ့နေ ဦးဖိုးဖြူ

တောင်သူ လယ်သမား တွေရဲ့ အခွင့်အရေး အတွက် လှုပ်ရှား ဆောင်ရွက်နေတဲ့ တောင်သူ လယ်သမားများ ဘဝ တိုးတက်ရေး အင်အားစု အဖွဲ့က ဦးဆောင်ပြီး မကွေးတိုင်း ကံမမြို့နယ် စစ္စယံ ကျေးရွာမှာ တောင်သူ လယ်သမား နှီးနှော ဖလှယ်ပွဲ တခုကို မနေ့က ကျင်းပခဲ့ ပါတယ်။

အဲဒီ နှီးနှောဖလှယ် ပွဲကို ပြည် ၊ အောင်လံ ၊ ကြို့ပင်ကောက် ၊ ပေါင်းတည် ၊ ဇီးကုန်းနဲ့ နတ္တလင်း မြို့နယ်တွေက တောင်သူ လယ်သမား ၁ဝဝ ကျော် တက်ရောက် ခဲ့ပါတယ်။

လွှတ်တော်မှာ လယ်သမားတွေရဲ့ သဘော ဆန္ဒနဲ့ မကိုက်ညီဘဲ အတည်ပြုခဲ့တဲ့ ဥပဒေကြမ်း တွေကို ပယ်ဖျက်ရေး အတွက်လည်း ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

တောင်သူ လယ်သမားများ ဘဝ တိုးတက်ရေး အင်အားစု ဦးဆောင်သူ တယောက် ဖြစ်တဲ့ ကိုမျိုးသန့်က ဘီဘီစီကို ပြောပြရာမှာ ပထမ ပိုင်းမှာလည်း ၂ဝ၁ဝ လယ်ယာမြေ ဥပဒေကို လက်မှတ်ထိုး ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ကြောင်း ၊ လယ်သမားတွေ အဓိက ခံစားရတဲ့ မြေသိမ်းခံရတဲ့ ကိစ္စတွေ ၊ အမတော်ကြေး ကိစ္စတွေ ၊ ကိုယ်ကြိုက်တဲ့ သီးနှံတွေ စိုက်ခွင့်ရရေး ကိစ္စတွေ ဖြစ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျန်တဲ့ မြို့နယ် ဒေသတွေ မှာလည်း အခုလို နှီးနှော ဖလှယ်ပွဲတွေ လုပ်သွားဖို့ ကြိုးစား သွားမှာပါလို့လည်း ပြောပါတယ်။

တောင်သူ လယ်သမား သမဂ္ဂ ဖွဲ့စည်းနိုင်ဖို့ကိုလည်း ဆက်လက် လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိတယ်လို့ ဆိုပါတယ်။

ဥပဒေ ဘောင်အတွင်းက ဆောင်ရွက်လို့ ရနိုင်သမျှ လုပ်ဆောင် သွားမှာပါလို့လည်း ပြောပါတယ်။