နော်ဝေး နဲ့ ဒဏ်ခတ် ပိတ်ဆို့ရေး အစီအစဉ်

norway ဓာတ်ပုံ မူပိုင် AP
Image caption နော်ဝေးနိုင်ငံခြားရေး ဝန်ကြီး ရောနတ်စ ဂက်စထရို

နော်ဝေး နိုင်ငံ အနေနဲ့ မြန်မာပြည် အပေါ်ဒဏ်ခတ် ပိတ်ဆို့မှု ပယ်ဖျက်ရေး ကိစ္စ စဉ်းစားနေပြီး ကြားဖြတ် ရွေးကောက် ပွဲ ကို စောင့်ကြည့် နေကြောင်း သိရ ပါတယ်။

ကြာသပတေးနေ့ က နော်ဝေး နိုင်ငံခြားရေး ရော်နတ် ဂတ်စ ထရို ဟာ မိတ်ဆွေ ၁၀ ပါတီ အဖွဲ့ က ကိုယ်စားလှယ် တွေ နဲ့ ရန်ကုန်မှာ တွေဆုံစဉ် နော်ဝေး နိုင်ငံ အနေနဲ့ မြန်မာပြည် မှာ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ဖို့ ဆန္ဒ ရှိနေပြီ ဖြစ်တဲ့ အကြောင်း နဲ့ လာမယ့် မြန်မာ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ လွတ်လပ်ပြီး တရား မျှတမှု ရှိမရှိ ကို ကြည့် ပြီး ဆုံးဖြတ် သွားမယ် လို့ ပြောခဲ့တဲ့ အကြောင်း ဒီတွေ့ဆုံ ပွဲ ကို တက်ရောက်ခဲ့တဲ့ မိတ်ဆွေ ၁၀ ပါတီ အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ က ဗဟို ကော်မီတီ ဝင် စဝ်သန်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။

စဝ်သန်းမြင့် က အဲဒီ တွေ့ဆုံပွဲမှာ ပြည်ထောင်စု အစိုးရ နဲ့ လွှတ်တော် တွေက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ကြိုးစား နေပေမယ့် အောက်ခြေ အဆင့်ဆင့် ဌာန တွေ မှာတော့ ပြုပြင် ပြောင်းလဲရေး တွေ ကို လက်မခံတဲ့ ပုံတွေ့ ရတယ် ဆိုတဲ့ သူ့ အမြင် ကို နော်ဝေး နိုင်ငံခြားရေး ဝန်ကြီး ကို ပြောခဲ့ပါတယ်။

နော်ဝေးနိုင်ငံ အပါအဝင် ဥရောပ နိုင်ငံတွေ က မြန်မာ အစိုးရ ရဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးတာ၊ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို အကျဉ်းချ ထားရာ ကနေ လွှတ်ပေးတာ စတဲ့ ပြုပြင် ပြောင်းလဲရေး ခြေလှမ်းတွေကို လက်ကမ်း ကြိုဆိုနေကြပြီး ဒဏ်ခတ် အရေးယူမှု တွေ ပြန်လည် စဉ်းစား နေကြပါတယ်။