မြန်မာ အလုပ်သမားသမဂ္ဂ ဖြစ်မြောက်ရေး အဖွဲ့တွေနဲ့ ILO အကြီးအကဲတွေ့

ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ အမှတ်တံဆိပ်
ILO ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ဦးဆောင် ညွှန်ကြားရေးမှူး ဂိုင်းရိုက်ဒါဟာ အိုင်အယ်အိုနဲ့ မြန်မာ အစိုးရကြား ပူးပေါင်း ဆောင်ရွက်ဖို့ လာမယ့် နှစ်အတွက် နှစ်ဖက် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး အပြီး နေပြည်တော်ကနေ အပြန် ရန်ကုန်မှာ မြန်မာနိုင်ငံက ILO နဲ့ ဆက်သွယ် ဆောင်ရွက်သူများ ကွန်ယက်အဖွဲ့နဲ့ အလုပ်သမား သမဂ္ဂ ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေကို သောကြာနေ့မှာ တွေ့ဆုံခဲ့ပါတယ်။
လူကုန်ကူးခံရသူတွေ ၊ အဓမ္မ စစ်တပ်ထဲ သွတ်သွင်းခံရသူတွေ ၊ ကလေး စစ်သား အဖြစ် စုဆောင်းခံရသူတွေ တိုင်ကြားနိုင်ဖို့ အထက်မြန်မာပြည်မှာ ရုံးခွဲတခု ဖွင့်ပေးဖို့ အိုအယ်အို အရာရှိကို တိုက်တွန်း ခဲ့တယ်လို့ ကွန်ယက် အဖွဲ့ ခေါင်းဆောင် ဦးသက်ဝေက ပြောပါတယ်။
အလုပ်သမား သမဂ္ဂ ဖြစ်မြောက်ရေး ကြိုးစားနေတဲ့ အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပြီး အိုင်အယ်အို အရာရှိ ကတော့ ကိုယ်လုပ်ရမယ့် ကိစ္စတွေကို ဆက်လက် အကောင်အထည် ဖော်သွားပါ ၊ ဒီတခေါက် လွှတ်တော်မှာ အတည်ပြုကောင်း အတည်ပြု နိုင်တယ်လို့ ပြောကြောင်း ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် အထွေထွေ အလုပ်သမား သမဂ္ဂ ဥက္ကဌ ဦးသိန်းအောင်က ဆိုပါတယ်။
တကယ်တော့ အရင်ကတည်းက ဒီအဖွဲ့တွေ မှတ်ပုံတင်ခွင့်ရရေး တောင်းဆိုခဲ့ပေမယ့် အလုပ်သမား ဝန်ကြီး ဌာန မှတ်ပုံတင် အရာရှိ မခန့်ရသေးလို့ ဆိုပြီး ယာယီ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အိုင်အယ်လ်အို အဖွဲ့က ကြေညာချက် ထုတ်ပြန်ခြင်း မရှိခဲ့ ပေမယ့် လာမယ့် တနင်္လာနေ့မှာ ဘန်ကောက်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်လိမ့်မယ်လို့ ဆိုပါတယ်။
အလားတူ အိုင်အယ်လ်အို အရာရှိ ရောက်နေချိန်မှာ အမေရိကန် အလုပ်သမား သမဂ္ဂ AFLCIO က ကိုယ်စားလှယ် တင်မ် ရန်း လည်း ရန်ကုန်မှာ ရောက်နေကြောင်း သိရပါတယ်။