ဗကသ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း

ba ka tha ဓာတ်ပုံ မူပိုင် Burma Students
Image caption ဗကသ အလံ

ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး ယာယီ ကော်မတီကို မန္တလေး မစိုးရိမ် ကျောင်းတိုက်မှာ ဖွဲ့စည်း လိုက်ကြောင်း ကော်မတီ ပြန်ကြားရေး တာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ် ကော်မတီ အဖွဲ့ဝင် ကိုးဦးရှိပြီး သူတို့ အားလုံးဟာ အရင် ဗကသ၊ အကသ စစ် အစိုးရ ဆန့်ကျင်ရေး ကျောင်းတွင်း တိုက်ပွဲ တွေမှာ ပါဝင် ခဲ့သူတွေ ဖြစ်ပါတယ်။

ဥက္ကဌ၊ အတွင်းရေးမှုး မရှိဘဲ ကော်မတီ ပုံစံနဲ့ ဖွဲ့ထားတာ ဖြစ်ပါတယ်။

ကျောင်းတိုင်းမှာ ကျောင်းသားထုကို ကိုယ်စား ပြုနိုင်တဲ့ ကျောင်းသား သမဂ္ဂတွေ ပေါ် လာရေးကနေ တနိုင်ငံလုံးကို ကိုယ်စား ပြုနိုင်တဲ့ ကျောင်းသား သမဂ္ဂကြီး ဖွဲ့စည်းဖို့ ကျောင်းသား ညီလာခံကြီး ခေါ်ယူ နိုင်ဖို့ထိ ရည်ရွယ်ထားတယ်လို့ ပြန်ကြားရေး တာဝန်ခံ ကိုအောင်ကျော်မိုးက ဘီဘီစီကို ပြောပြပါတယ်။

ကျောင်းသားထုကြားမှာ သမဂ္ဂ ဖွဲ့စည်းရေးကို စိတ်ဝင်စားမှု ကြီးကြီး မားမားရှိတာ တွေ့ ရတယ်လို့ ပြောပါတယ်။

ဗကသဟာ ကျောင်းသား အဖွဲ့အစည်း ဖြစ်သလို ကိုလိုနီ ခေတ်ကနေ လွတ်လပ်ရေး ရပြီး ၁၉၆၂ အာဏာ သိမ်းချိန်ထိ တရားဝင် ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်သလို ဗကသ အဆောက်အဦကို စစ်အာဏာပိုင်တွေက ဗုံးခွဲ ဖျက်ဆီးခဲ့ပေမယ့် တရားဝင် ပိတ်ပင်ခဲ့ခြင် မရှိပါဘူး။

ကျောင်းသားရှိရင် ကျောင်းသား သမဂ္ဂ ရှိရမယ် ဆိုတဲ့ နားလည်ချက်နဲ့ ဖွဲ့စည်းတာ ဖြစ်ပြီး အဖွဲ့အစည်း တရားဝင်မှု အတွက် ဘယ်သူ့ဆီမှာမှ မှတ်ပုံ တင်စရာ မလိုဘူးလို့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

လက်ရှိ ကျောင်းတက်နေဆဲ ကျောင်းသား ဖြစ်ရင်ကို ကျောင်းသား သမဂ္ဂမှာ ပါဝင်လှုပ်ရှား ခွင့် ရှိစေရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကျောင်းသား သမဂ္ဂဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့လည်း သက်ဆိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။