စစ်တပ် က အဖမ်းအဆီး ကိစ္စ တင်ပြမှု နဲ့ တရားလွှတ်တော်ချုပ်

kachin ဓာတ်ပုံ မူပိုင် own source
Image caption ကချင် ဒေသတွင်း စစ်ပွဲတွေ ရပ်စဲဖို့ တောင်းဆို သူ တွေ

ကချင်ပြည်နယ်မှာ အစိုးရ စစ်တပ် တပ်ရင်းတခု က က ဖမ်းဆီး ထားတယ် ဆိုတဲ့ ကချင် အရပ်သား ၂ဦး ရဲ့ အရေး ကိစ္စ နဲ့ပတ်သက်ပြီး ရှေ့နေ တွေ က တရား ဥပဒေ ရဲ့ ရှေ့မှောက်မှာ တရားစီရင် နိုင်ရေး အတွက် ကြိုးပမ်းနေရာမှာ ဒီအမှု နဲ့ ပတ်သက်ပြီး တရားလွှတ်တော်ချုပ် ကို တင်ပြ ခဲ့တဲ့နောက် တရားလွှတ်တော်ချုပ် ကလည်း ပဏာမ အနေ နဲ့ လက်ခံထား လိုက်ပါတယ်။

ကချင်တိုင်းရင်းသား ဦးဘရန်ဆိုင်း နဲ့ ဦးဇော်ဆိုင်း တို့ ကို မြစ်ကြီးနား အရှေ့တောင်ဘက် မိုင် ၃၀ လောက် အကွာမှာ ရှိတဲ့ တာလောကြီးကျေးရွာ မှာ အစိုးရ စစ်တပ် ခလရ ၃၇ က တပ်ဖွဲ့ ဝင်တွေ က လွန်ခဲ့တဲ့ တလ လောက် ကဖမ်းဆီးခဲ့တယ်၊ သူတို့ ကို ဖမ်းဆီးစဉ် က ဘာအကြောင်းပြချက် မှ လည်း မပေးခဲ့ သလို အခုအချိန် ထိ လည်း ဘုန်းကြီးကျောင်း တခု မှာ ချုပ်ထား ကြောင်း ဒီအမှု အကြောင်း ကို သိနေတဲ့ ရှေ့နေ ဦးမြင့်သွင် က ဘီဘီစီ ကို ပြောပါတယ်။

ကချင် ဒေသ အတွင်း အစိုးရ တပ် နဲ့ ကချင် လွတ်မြောက်ရေးတပ် တို့ အကြား တိုက်ပွဲတွေ ရှိ နေပြီး အစိုးရ တပ် က လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ရှိတယ် ဆိုတဲ့ သတင်း တွေ အရင်က ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့်မို့ သူတို့ရဲ့ အရေး တရားဥပဒေ နဲ့ အညီ ဖြစ်ဖို့ ကြိုးစား ကူညီ ပေးနေတဲ့ ရှေ့နေ ဦးမာခါး က ဇန်နဝါရီ လ ၂၅ ရက်နေ့မှာ နေပြည်တော် မှာ ရှိတဲ့ တရား လွှတ်တော်ချုပ် ကို ဒီအရေး နဲ့ ပတ်သက်ပြီး ရှေ့တော်သွင်း စာချွန်တော် တင်သွင်းတာ ကို တရားလွှတ်တော်ချုပ် က လက်ခံထားလိုက်ကြောင်း ဦးမြင့်သွင် က ပြောပါတယ်။

ဒီလို လက်ခံထားပြီးရင် နောက် တဆင့် အနေနဲ့ ဒီ အမှု ကို ကြားနာရန် သင့်မသင့် ၂ ဘက် လျှောက်လဲချက် တွေ ကို တရားလွှတ်တော်ချုပ် က နားထောင်ပြီး အမှု ကို ကြားနာ၊ မနာ ဆုံးဖြတ် မှာ ပါ။

အခုလို စစ်တပ် က လုပ်ဆောင်တဲ့ အမှု တွေ နဲ့ ပတ်သက်ပြီး အရင် က တရားလွှတ်တော်ချုပ် ကို တင်ပြတာမျိုး မလုပ် နိုင်ခဲ့ပေမယ့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁ ပုဒ်မ ၂၁ ပိုဒ်ခွဲ ခ အရ တင်ပြတာ လို့ ရှေ့နေ ဦးမြင့်သွင် က ဘီဘီစီ ကို ပြောပါတယ်။