မစ္စတာကင်တားနား ဒေါ်စုနဲ့ တွေ့ဆုံ

ဓာတ်ပုံ မူပိုင် AP
Image caption အခု ခရီးစဉ်နဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောပါတယ်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ သောကြာနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ပြဌာန်း ကျင့်သုံး ထားတဲ့ အခြေခံ လူ့အခွင့် အရေးတွေကို လေးစား လိုက်နာဖို့ လိုကြောင်း ပြောကြားသွားပါတယ်။

နောက်ပြီး သူက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ရှိရမှာ ဖြစ်ပြီး၊ ဘယ်သူတဦးတယောက်၊ ဘယ်အဖွဲ့အစည်းကမှ နှောင့်ယှက် ဟန့်တားတာမျိုး လုပ်လို့ မရဘူးလို့ ပြောကြားသွားပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့ကလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ ဆွေးနွေးခဲ့ကြောင်းနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို သူ့အနေနဲ့ စောင့်ကြည့် သွားမယ်လို့ ပြောသွားခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဗကသ ကျောင်းသားခေါင်းဆောင်တွေနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ငါးကြိမ်မြောက် အခု ခရီးစဉ်နဲ့ ပတ်သက်လို့ လာမယ့် တနင်္ဂနွေနေ့ မှာ ကြေညာချက် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို အခုလို ကိုယ်တိုင်လာကြည့်ရှု လေ့လာခွင့်ရတာဟာ အင်မတန် ကောင်းမွန် ကြောင်းနဲ့ လာမယ့် မတ်လမှာ လူ့အခွင့်အရေးကောင်စီကို တင်ပြမယ့် သူ့ရဲ့ အစီရင်ခံစာ ကိုလည်း သမာသမတ်ကျအောင် ရေးသွားမယ်လို့ ပြောဆိုသွားပါတယ်။