အမေရိကန်လေ့လာရေး ခရီးစဉ် နဲ့ ကိုဇာဂနာ

zargana ဓာတ်ပုံ မူပိုင် AFP
Image caption အနုပညာရှင် ကိုဇာဂနာ

အမေရိကန် ပြည်ထောင်စု National Endowment for Democracy NED အဖွဲ့ရဲ့ ဖိတ်ကြားချက် အရ စွယ်စုံ အနုပညာရှင် ကိုဇာဂနာ ဟာ အမေရိကန် အစိုးရ အရာရှိတွေ၊ NED အဖွဲ့ဝင် လူကြီးတွေ အပြင်၊ အမေရိကန်ရောက် မြန်မာလူမျိုးတွေ နဲ့ပါ တွေ့ဆုံ ဆွေးနွေးမှု တွေ ပြုနေပါတယ်။

သူ့ခရီးစဉ် အရ ဝါရှင်တန် ဒီစီ အပြင်၊ မေရီလင်း ပြည်နယ် က မြန်မာလူမျိုးတွေ နဲ့ တွေ့ဆုံခွင့် ရတဲ့ အခါမှာ မြန်မာပြည်တွင်းရှိ ပြည်သူတွေ ကို ကူညီပံ့ပိုးပေး သူတွေ ကို ကိုယ်တိုင် ကိုယ်ကျ ကျေးဇူးစကား ပြောကြားခဲ့ပုံ နဲ့ Freedom Film Festival ရုပ်ရှင်ပွဲတော် တုန်းက ပြသခဲ့ တဲ့ ရုပ်ရှင်တချို့ ပြန်လည်ပြသ မယ့် အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

အမေရိကန်ရောက် မြန်မာလူမျိုးတွေ နဲ့ တွေ့ဆုံခွင့် ရတဲ့ အခါမှာ သုံးမျိုး သုံးစားတွေ့ ရပုံ၊ တမျိုးက အလုပ်ပဲ ကျိုးစားနေသလို၊ တမျိုးကတော့ မြန်မာ့နိုင်ငံရေးပဲ တစိုက်မတ်မတ် အလေးထား လုပ်နေသူတွေ တွေ့ရပုံ နဲ့ တမျိုးကတော့ မြန်မာနိုင်ငံ အတွက် ကူညီသင့် သလောက် ကူညီပြီး ပြည်တော်ပြန်ရေး ပဲ စဉ်းစားနေသူ တွေ တွေ့ရကြောင်း ကိုဇာဂနာ က ပြောပြပါတယ်။

ထူးခြားချက် အနေနဲ့တော့ လူတိုင်းလိုလိုဟာ ကလေး လူကြီး မကျန် စာအုပ် အမြဲဖတ်နေတာ ကို တွေ့ရကြောင်း၊ ရထားပဲ စီးစီး၊ ကားပေါ်ပဲ ရောက်ရောက်၊ ဓါတ်တိုင်မှီ စာဖတ်သူတွေ ပါတွေ့ရလို့ သဘောတွေ့မိ ကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ နေရာတကာ မှာ လူတွေ လေကန်နေကြတာ ပဲ တွေ့ရတာကို လည်း ဘာကြောင့် ဆိုတာ ကို ရိပ်စားမိပုံ ဘီဘီစီ ကို ပြောပြပါတယ်။

အများအားဖြင့် မြန်မာ လူမျိုးတွေရဲ့ အိပ်မက် တွေ မတူကြပေမယ့် အမိနိုင်ငံ အတွက် မိမိတို့ တတ်မြောက်ထားတဲ့ ပညာတွေ နဲ့ ပြန်လည် အကျိုးပြုလိုတာတွေ သိခဲ့၊ ကြားခဲ့ရလို့ ဝမ်းသာ ကြည်နူး ဖြစ်ရပုံ ပါ ကိုဇာဂနာက ပြောပြပါတယ်။