မြန်မာနိုင်ငံ ကို ရင်းနှီးမြှုပ်နှံမှုတွေ လာမယ့် အခြေအနေ

investment_china ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption တရုတ်မှာ လာရောက်ရင်းနှီးတဲ့ ကားစက်ရုံ တခု

မြန်မာနိုင်ငံ နဲ့ဆက်သွယ်ပြီး ကုန်သွယ်ရေး တွေ လုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ဖို့ နိုင်ငံရပ်ခြား ကုမ္ပဏီ တွေ က စိတ်၀င် တစား ရှိနေကြောင်း ကုန်သည် နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း က ပြောပါတယ်။

ကုန်သည် နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦး၀င်းအောင် က ဒေသတွင်း နိုင်ငံတွေက ကုမ္ပဏီတွေရော၊ ဥရောပ နိုင်ငံတွေ က ကုမ္ပဏီတွေ ကပါ မြန်မာနိုင်ငံ ကို အခုအချိန် မှာ စိတ်၀င်စား နေကြပြီး စီးပွားရေးဆိုင်ရာ အခွင့်အလမ်း တွေကို လာရောက် ကာ စုံစမ်း နေကြတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

စွမ်းအင်ပိုင်း ဆိုင်ရာ၊ သဘာဝဓာတ်ငွေ့ ဆိုင်ရာ ကဏ္ဍ တွေ၊ ကုန်ကြမ်း ကနေ ကုန်ချော ထုတ်လုပ်ရေး လုပ်ငန်းတွေ အပြင် နိုင်ငံခြား ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံမှာ ရောင်းချ နိုင်ဖို့ စျေးကွက် လာရှာတဲ့ ကုမ္ပဏီတွေ က အစ လာရောက် စုံစမ်းနေကြကြောင်း နဲ့ ဒီကုမ္ပဏီ တွေထဲမှာ နိုင်ငံတကာ ကုမ္ပဏီ တွေ လည်း ပါဝင်သလို အသေးစားနဲ့ အလတ်စား ကုမ္ပဏီ တွေလည်း ပါဝင်တယ် လို့ ဦးဝင်းအောင် က ပြောပါတယ်။

သူ က ဒီကုမ္ပဏီတွေဟာ လာရောက် စုံစမ်းရုံသက်သက် မဟုတ်ပဲ လက်တွေ့ လာရောက် လုပ်ကိုင်ဖို့ အတွက် လာရောက်နေကြတာ ဖြစ်ကြောင်း ပြောပါတယ်၊ အထူးသဖြင့် ဂျပန်နိုင်ငံ က ကုမ္ပဏီ တွေ မဝေးတဲ့ အနာဂတ်မှာ လာရောက် လုပ်ကိုင် ကြလိမ့်မယ် လို့ မှန်းဆ ထားတယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ က စီးပွားရေး လုပ်ငန်းရှင်ကြီး တဦး ကတော့ နိုင်ငံခြား ကုမ္ပဏီ တွေ လာစုံစမ်း နေပေမယ့် လက်တွေ့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မယ့် သဘောတူညီ မှု တွေ ဘာမျှ မလုပ်ကြ သေးဘူး လို့ ပြောပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ရင် ဥပဒေပိုင်းဆိုင်ရာ အကာအကွယ် လုံခြုံမှု ကင်းဝေးတဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံ က ထိပ်ဆုံး နိုင်ငံ ဖြစ်နေတဲ့ အကြောင်း ဗြိတိန် အခြေစိုက် Maplecroft အဖွဲ့ ဗုဒ္ဓဟူး နေ့ က အစီရင်ခံစာ ထုတ်ပါတယ်။

ကုန်သည် နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဌ ကတော့ မြန်မာနိုင်ငံ ဟာ အသွင်ကူးပြောင်းရေး ကာလမှာ ရှိနေပြီး ပြုပြင်သင့်တဲ့ ဥပဒေတွေ ကို ပြုပြင် နေကြောင်းနဲ့ မဝေးတဲ့ အနာဂတ်မှာ စီးပွားရေး လောက က ပိုမို လက်ခံနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေ အသစ် ထွက်လာတော့မှာ လို့ ပြောပါတယ်။