ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့ စည်းရုံးရေး ခရီးစဉ်

ဓာတ်ပုံ မူပိုင် Reuters
Image caption မြို့ခံကရင်လူမျိုးတွေကလည်း သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြ

ကော့မှူးမြို့နယ်မှာ ဘွဲ့ရ ပညာတတ်တွေက အစ အလုပ်အကိုင်တွေ မရ ဖြစ်နေတာနဲ့ ပတ်သက်လို့ စိတ်မကောင်း ဖြစ်မိတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ကော့မှူးမြို့ မဲဆွယ် စည်းရုံးရေး ခရီး စဉ်မှာ မြို့ခံလူထုကို ပြောကြားခဲ့ပါတယ်။

ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက်လာရေးကို သူ့အနေနဲ့ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ပညာရေး ကိစ္စတွေ အပါအဝင် တိုင်းပြည် တိုးတက်လာရေးကို အားလုံး ပါဝင် ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းသွားပါတယ်။

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်တိုင် ဝင်အရွေးခံမယ့် ကော့မှူးမြို့နယ်ကို ပထမဆုံးအကြိမ် အဖြစ် မဲဆွယ် စည်းရုံးရေး ခရီးထွက်စဉ်မှာ ဒေါ်အောင်ဆန်း စုကြည်ကို သူသွားရာ ခရီးလမ်း တလျှောက်လုံး မြို့ခံ လူထုက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်။

မြို့ခံတွေက အိုးစည် ဗုံမောင်း အကအခုန်တွေနဲ့ ကြိုခဲ့ကြသလို ကရင်လူမျိုး မြို့ခံတွေ ကလည်း ဒုံးယိမ်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ကော့မှူးမြို့နယ် NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် စည်းရုံးရာမှာ အရှေ့ခြမ်း၊ အလယ်ခြမ်းနဲ့ အနောက်ခြမ်း ဆိုပြီး ပိုင်းခြား သတ်မှတ်ထားရာမှာ ကရင် လူမျိုး အများအပြား နေထိုင်ရာ အနောက်ခြမ်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကရင် ဝတ်စုံ ဝတ်ဆင်ပြီး လှည့်လည်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ မော်တော်ယာဉ်တန်း ရှေ့ကနေ လူအုပ်ကြီးက ဝမ်းသာ အားရ ဆီးကြို နှုတ်ဆက်ကြတဲ့အတွက် မတော်တဆ ထိခိုက်မှုဖြစ်မှာကို ဒေါ်အောင်ဆန်းစုကြည်က အထူးစိုးရိမ်ပြီး သတိပေး တောင်းပန်စကား အကြိမ်ကြိမ် ပြောခဲ့ရတယ်လို့ အဲဒီ ခရီးစဉ်မှာ အတူပါသွားတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။