မြန်မာ့ လူ့အခွင့် အရေး နောက် ပြန်ဆုတ်နိုင်

Quintana ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ ဆိုင်ရာ ကုလ လူ့အခွင့် အရေး ကိုယ် စားလှယ် ကင်တားနား

မြန်မာ့ လက်ရှိ လူ့အခွင့် အရေး အခြေအ နေဟာ နောက်ပြန်ဆုတ်နိုင်တဲ့ ဖြစ်နိုင်ချေ ရှိနေသေးတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ် တောမတ် ကင်တားနားက ပြောလိုက်ပါ တယ်။

ခုနောက်ဆုံး တွေ့ရတဲ့ အစိုးရ လုပ်ဆောင်ချက် တွေက လူ့အခွင့် အရေး အခြေ အနေ တိုးတက် ကောင်းမွန်ဖို့ အပေါင်း လက္ခဏာ ဆောင်တဲ့ သက်ရောက်မှု ရှိစေ ပေမယ့် စိန်ခေါ်မှုတွေ ဆက်ရှိနေပြီး ခုရထားတဲ့ တိုးတက် ပြောင်းလဲမှု ဆိုတာတွေ နောက်ပြန် ဆုတ်သွားနိုင်တဲ့ အန္တရယ် ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

အစိုးရက ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူ အားလုံးကို ပြန်လွှတ် မပေးသေးသလို ကချင် ပြည်နယ် ဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အတွက် အရပ်သားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရပါတယ်။

အရေးကြီးဆုံး အချက်ကတော့ အမှီအခို ကင်းတဲ့၊ လွတ်လပ်တဲ့ တရား စီရင်ရေး စနစ် မရှိ သေးသလို အဲဒိ အတွက် ဥပဒေတွေ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာတယ် ပြောပေမယ့် အစိုးရကို ဝေဖန် သူတွေကို ဖမ်းဆီး ထောင်ချ အပြစ်ပေးနိုင်တဲ့ ဥပဒေတွေ ဆက်ရှိနေပါသေးတယ်။

ဒီထက် ပိုပြီး လေးနက်တဲ့ အချက်တခုက တရား စီရင်ရေး စနစ် အမှီအခို ကင်းဖို့၊ လွတ် လပ်ဖို့ လိုအပ်တာကို အသိအမှတ်ကို မပြုသလို လွတ်လပ်တဲ့ တရား စီရင်ရေး စနစ် လိုအပ် တဲ့ အချက်ကို သူတို့ အသိအမှတ် ပြုချင်စိတ် ရှိတာ မတွေ့ရဘူးလို့ ကင်တားနားက ပြော ပါတယ်။

အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ကျ သွားဖို့ လုပ်နေတယ် ဆိုပေမယ့် ဒီ ကြားထဲမှာ လူ့အခွင့် အရေး ချိုးဖောက် ခံရနိုင်ချေ ရှိတဲ့လူတွေ၊ ချိုးဖောက် ခံရသူတွေကို အကာအကွယ်ပေးဖို့ လုပ်ရမှာ ဖြစ်ပါတယ်။

အစိုးရ လူ့အခွင့်အရေး ကော်မရှင်ကတော့ သီးခြား လွတ်လပ်မှု မရှိသလို လုပ်ကိုင်နိုင် စွမ်းလည်း ရှိတာ မတွေ့ရသေးတဲ့ အတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ လူ့အခွင့် အရေး ချိုးဖောက်မှုကြီးတွေကို ကိုင်တွယ် ဖြေရှင်းဖို့ အသင့် မဖြစ်သေးဘူးလို့ ကင်တားနားက ပြောပါတယ်။