ပါတီတွေရဲ့ ရေဒီယိုနဲ့ရုပ်မြင် ဟောပြောခွင့် ရက်တွေကြေညာ

ဓာတ်ပုံ မူပိုင် burmese
Image caption ဒီတခေါက်မှာ ဝေဖန်မှုတွေ ပိုထည့်နိုင်မယ်လို့ ဦးသုဝေ မျှော်လင့်

လာမယ့် ဧပြီလ ၁ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေရဲ့ မူဝါဒ သဘောထား လုပ်ငန်းစဉ်တွေကို ရေဒီယို၊ ရုပ်မြင် သံကြား အစီအစဉ်တွေကနေ ဟောပြော တင်ပြခွင့် ပြုတဲ့ နေ့ရက်နဲ့ အချိန်ဇယား သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေ အနေနဲ့ အသံလွှင့်မယ့် ရက်မတိုင်ခင် အနည်းဆုံး ၇ရက် ကြိုတင်ပြီး ဟောပြော တင်ပြလိုတဲ့ စာမူနဲ့အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ခွင့်ပြုမိန့်လျှောက်ထားရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့က ပထမဆုံးနေ့မှာ ဟောပြောတင်ပြခွင့် ရကြမယ်လို့ သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက စာမူ အပယ်ခံခဲ့ရဖူးတဲ့ ဒီမိုကရက်တစ် ပါတီ ( မြန်မာပြည် ) ရဲ့ ဥက္ကဌ ဦးသုဝေက ပြီးခဲ့တဲ့ အခေါက်တုန်းက မိန့်ခွန်းပြောသလို အပြောမျိုးနဲ့ တင်ခဲ့တဲ့ အတွက် အပယ်ခံခဲ့ရပြီး ပြန်ပြင်ချိန် မရလိုက်ကြောင်း၊ ဒီတခါမှာတော့ ကောင်းကောင်းနဲ့ အပယ်မခံရအောင် သတိထား တင်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုတခေါက် စည်းမျဉ်း ကန့်သတ်ချက်တွေကို ကြည့်ရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းကနဲ့ ကွာခြားမှု သိပ်မရှိကြောင်း၊ ဒါပေမယ့် လက်ရှိ တိုင်းပြည်အနေအထား အရဆိုရင်တော့ ဝေဖန်မှုတွေ၊ ကိုယ့်သဘောထား အမှန်တွေကို နဲနဲ ပိုထည့်နိုင်မယ်လို့ ယူဆကြောင်း ဦးသုဝေက ပြောပါတယ်။

တခု ရှိတာက အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ပေါ်လစီတွေ ချမှတ်ခဲ့ပေမယ့် အောက်ခြေကနေ အကောင်အထည် ဖေါ်တဲ့ သူတွေက အရင်နည်းအတိုင်းပဲ ဆက်လုပ် နေတဲ့အတွက် ဘယ်လောက် လွတ်လွတ်လပ်လပ် ခွင့်ပြုမလဲဆိုတာ မသိသေးဘူးလို့ ဦးသုဝေက ပြောပါတယ်။