မြန်မာ HIV ဝေဒနာ ရှင်တွေ ဆေးရ ဖို့ ခက်

ဂလိုဘယ် ဖန် Global Fund အဖွဲ့က မြန်မာ နိုင်ငံကို ၁၁ ကြိမ်မြောက် ပေးမယ့် ရန်ပုံငွေ တွေကို မပေး တော့ဘဲ ရပ်ဆိုင်း လိုက်တဲ့ အတွက် ပြည်တွင်းက HIV ဗိုင်းရပ်စ် ကူးစက် နေကြသူ ဝေဒနာရှင် ၇ သောင်းလောက် ဆေးဝါး ရရှိရေး ခက်ခဲ နေတယ်လို့ နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။

လာမယ့် ၁ နှစ် ၂ နှစ်လောက် အချိန် အတွင်းမှာ ကုသမှု ပေးနိုင်တဲ့ အခြေအနေ လျော့နည်းသွား လိမ့်မယ်လို့ လည်း MSF က ခန့်မှန်း ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အန်အယ်လ်ဒီ လူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားတဲ့ HIV ကူးစက်နေသူ များ

မြန်မာ နိုင်ငံရဲ့ လူထု ကျန်းမာရေးမှာ အဓိကပြဿနာ တွေဖြစ်တဲ့ AIDS ရောဂါနဲ့ ဆေးယဉ် နေတဲ့ TB အဆုတ် ရောဂါတွေကို ကုသဖို့ က ရန်ပုံငွေ ရရှိဖို့ အရေး ကြီးတယ်လို့ နယ်သာလန် နိုင်ငံ MSF ရုံးက ဂျိုးဗီလီဗူ (Joe Billivea) က ပြောပါတယ်။

Global Fun အဖွဲ့ဟာ အရင်တုန်း ကတော့ မြန်မာ နိုင်ငံ ထဲမှာ ခရီး သွားလာခွင့် ကန့်သတ် ခံရတဲ့ အတွက် လုပ်ငန်းတွေကို လွတ်လွတ် လပ်လပ် မလုပ်နိုင်လို့ ဆိုပြီး ရန်ပုံငွေတွေ ဆက်မပေးဘဲ ရုပ်သိမ်းခဲ့ဖူး ပါတယ်။

အခု ပြဿနာ မှာမြန်မာ နိုင်ငံ တခုထဲ အတွက်သာ မဟုတ်ဘဲ Global Fund က ၁၁ ကြိမ်မြောက် ရန်ပုံငွေပေးအပ်ရေးမှာ အနောက်တိုင်း နိုင်ငံတွေ က ပေးထားတဲ့ ကတိ အတိုင်း ဆက်ပြီး ငွေမပေး နိုင်ကြတော့လို့ ရန်ပုံငွေ မရှိတော့ တာကြောင့် ဖြစ်တယ်လို့ ဂျိုးဗီလီဗူ က ပြောပါတယ်။

အနောက်နိုင်ငံ တွေက ရန်ပုံငွေ မပေး နိုင်တော့တာ ဘာကြောင့်လဲ ဆိုတာ မသိပေမဲ့ အခုချိန်မှာ မြန်မာနိုင်ငံ ဘက်က ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာပြီး လုပ်ငန်းတွေ လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်တယ် ဆိုတာတော့ မြင်နေ ရတယ်လို့ လည်း သူက ပြောပါတယ်။

MSF ဟာ စီမံကိန်း ကြီးတွေ ချမှတ် ဆောင်ရွက် နေတုန်းဖြစ် ပြီး မြန်မာ နိုင်ငံက လူတွေ အနေနဲ့ MSF ဆီကနဲ့ တခြား အကူအညီပေးရေး အဖွဲ့ တွေဆီက အကူ အညီ တွေရဖို့ မျှော်လင့်နိုင် သေးတဲ့ အပြင် မြန်မာ အစိုးရ ဘက်ကလည်း ကုသရေးအပိုင်းမှာ ပိုလုပ် လာတဲ့အတွက် အဲဒီဘက် ကလည်း အကူအညီ တချို့ရနိုင် ပါတယ် လို့ ဂျိုးဗီလီဗူ က ပြောပါတယ်။

အခု သတင်းကို အလှူရှင်တွေ ဘက်က ကြားပြီး ပိုကူညီ လာကြဖို့ မျှော်လင့် ပါတယ် လို့လည်း MSF က ပြောပါတယ်။