မြန်မာဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွား

Image caption မြန်မာနိုင်ငံသား ဒုက္ခသည် အိမ်ခြေ ၃၆၀၀ ကျော် ရှိပြီး၊ လူဦးရေ ၁၉၀၀၀ ကျော် ရှိပါတယ်

ထိုင်းနိုင်ငံ မဲဆောက်မြို့တောင်ဖက် ကီလို မီတာ ၁၀၀ နီးပါးက အုန်းပြန့် မြန်မာ ဒုက္ခသည်စခန်းမှာ ကြာသပတေးနေ့ မနက် ၁၁ နာရီလောက်က မီးလောင်လောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ တထောင်နီးပါး မီးထဲပါသွားပါတယ်။

အုန်းပြန့် ဒုက္ခသည်စခန်း ဇုံဘီက ရပ်ကွက် လူကြီးအိမ်မှာ မုန့်ကြော်နေရာက မီးစလောင် တာဖြစ်ပြီး၊ ဇုံဘီရဲ့ ရပ်ကွက် ၆ ၊ ၇ ၊ ဂ ၊ ၉ နဲ့ ၁၀ က အိမ်ခြေ တဝက်လောက် အပါအဝင် အိမ်ခြေ ၉ ရာကျော် လောက်မီးထဲ ပါသွားပါတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

၁၁ နာရီလောက်က စတင်ခဲ့တဲ့မီးဟာ ၃ နာရီကျော် ကြာအောင် လောင်ကျွမ်းသွားခဲ့တာ ဖြစ်တယ်လို့ အုန်းပြန့် ဒုက္ခသည်စခန်းက ကိုယ်တိုင်ကြုံတွေ့ရသူ တဦးကလည်း ဘီဘီစီကို ပြောပါတယ်။

မီးလောင်နေတဲ့ အုန်းပြန့်ဒုက္ခသည်စခန်းကို ရောက်သွားတဲ့ တာခ်ခရိုင်ရဲချုပ် ရဲဗိုလ်ချုပ် ဆုမ်ဖွန် အပ်ခရဒေချိုချိုင်က မီးဘေးဒုက္ခသည်ကို ကူညီရမယ့် ကိစ္စတွေကို ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

တာခ်ခရိုင်အုပ်ချုပ်ရေးဌာန စာရင်းအရ အုန်းပြန့်ဒုက္ခသည် စခန်းမှာ လက်ရှိ မြန်မာနိုင်ငံ သား ဒုက္ခသည် အိမ်ခြေ ၃၆၀၀ ကျော်ရှိပြီး၊ လူဦးရေ ၁၉၀၀၀ ကျော် ရှိပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်း ကစပြီးတော့ အုန်းပြန့်ဒုက္ခသည်စခန်းက ဒုက္ခသည်ထောင်နဲ့ချီပြီး အမေရိကန်၊ ဥရောပ၊ သြစတေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို အပြီးအပိုင် ပြောင်းရွှေ့သွား ကြပြီး ဖြစ်ပါတယ်။