အပစ်ရပ်ဖို့ မွန်ပြည်သစ် ပါတီနဲ့ အစိုးရ သဘောတူ

မွန်ပြည်သစ် ပါတီနဲ့ မြန်မာ အစိုးရ ကြားမှာ အပစ်အခတ် ရပ်စဲရေး သဘော တူညီ ချက် ကို စနေနေ့က လက်မှတ် ရေးထိုး နိုင်ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် U Than
Image caption အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ မွန် ပြည်သစ် ပါတီ ကိုယ်စားလှယ်များ

မော်လမြိုင်မြို့က Strand ဟိုတယ်မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အစိုးရဘက်က ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ မွန်ပြည်သစ် ပါတီ ဘက်က နိုင်ရောစ ခေါင်းဆောင်တဲ့ အဖွဲ့တို့ ပါဝင် ခဲ့ကြ ပါတယ်။

မွန်ပြည်သစ် ပါတီ ဘက်က တောင်းဆိုတဲ့ အချက် လေးချက်ကို အစိုးရ ကိုယ်စားလှယ် အဖွဲ့က လိုက်လျောခဲ့တဲ့ အတွက် အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ ကြတာ ပါ။

အဲဒီ လေးချက် ထဲမှာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး၊ ၄၅ ရက် အတွင်း နိုင်ငံရေး အရ ဆွေးနွေးရေး၊ ဒေသ ဖွံ့ဖြိုးရေး တို့ ပါဝင် တယ်လို့ မွန်ပြည်သစ် ပါတီရဲ့ ကိုယ်စားလှယ် တစ်ယောက် ဖြစ်သူ နိုင်တလညီက ဘီဘီစီကို ပြောပါတယ်။

အပစ်အခတ် ရပ်စဲကြဖို့ သဘောတူညီ ခဲ့ကြတဲ့ အတိုင်း ဒီဇင်ဘာလရောက်မှ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဖြစ်မလာဘူး ဆိုရင်တော့ အခု လက်ရှိ အစိုးရနဲ့ အပစ်ရပ် ထားပြီးသား အင်းအားစု တွေအားလုံး စုစည်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်အောင် လုပ်ဆောင် သွားမယ် ဆိုတာကိုလည်း သဘော တူထား ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူ ထားတဲ့ ကြားက ရှမ်းပြည်တောင်ပိုင်း တပ်မတော်လို ပြန်လည် ပစ်ခတ်မှု မျိုးလည်း ဖြစ်ပွားနိုင် သေးပေမဲ့ မွန်ပြည်သစ် ပါတီ အနေနဲ့ ၁၉၉၅ ခုနှစ်ကစတင်ပြီး ၁၅ နှစ်ကြာ အပစ်ရပ် သဘောတူထားခဲ့တဲ့ ကာလ အတွင်း နှစ်ဘက် မှားယွင်း ပစ်ခတ်မှု တစုံတရာ မရှိခဲ့တဲ့ အတွက် နောက်ထပ် ဖြစ်လာ လိမ့်မယ် မထင်ကြောင်း လည်း နိုင်တလညီက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က မော်လမြိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးမှုကနေ ပဏာမ သဘောတူညီမှု ရခဲ့တာပါ။

အခု ရရှိတဲ့ သဘောတူညီချက်က ၁၉၉၅ ခုနှစ် နောက်ပိုင်းမှာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။