ဒီမိုကရက်တစ်ပါတီ မှ NLD သို့ကူးပြောင်း

nay_yee_ba_swe_
Image caption ဒေါ်နေရီဘဆွေ

ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ မှာ ပါဝင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ မြန်မာ ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဘဆွေ က ပြီးခဲ့တဲ့ လ က ပါတီ က နှုတ်ထွက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အဖြစ် လျှောက်ထားခဲ့ပါတယ်။

အခု လို ပြောင်းလဲ လျှောက်ထားတာ နဲ့ ပတ်သက်ပြီး ဒေါ်နေရီဘဆွေ က ညီညွတ်ရေး နဲ့ အမျိုးသားရေး ဦးတည်မယ် ဆိုရင် စုပေါင်း လုပ်မှ ဖြစ်မှာ ကိုသိတဲ့ အတွက် NLD ကို ပံ့ပိုးယင်း ကိုယ်နိုင်တဲ့ အခန်းကဏ္ဍ က ပါဝင်ဖို့ NLD ကို လျှောက်ထား ခဲ့ပုံ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီမိုကရက်တစ် ပါတီ အနေနဲ့က ပါတီသက်တမ်း အရ တနှစ်ပဲ ရှိသေး သလို ပါတီ တခု ရပ်တည်နိုင်ရေးဟာ လူထု ထောက်ခံမှု ရှိရမယ်၊ လူအင်အား များရမယ်၊ ရံပုံငွေ တောင့်တင်း ရမယ် ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ အကြောင်း၊ NLD ဟာ ဆိုရင် လူထုဘက်ကနေ သစ္စာရှိရှိ ရပ်တည် ခဲ့တဲ့ အတွက် နိုင်ငံရေး ကို ရေရှည် လုပ်နိုင်မယ့် အကြောင်း၊ ဒီအချက်တွေ မူတည်ပြီး NLD ပါတီဝင် လျှောက်ဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ဒေါ်နေရီဘဆွေ က ရှင်းပြ ပါတယ်။

NLD ပါတီထဲ ရောက်တဲ့ အခါမှာလည်း ဘယ်တာဝန် ပဲ ပေးပေး လုပ်ကိုင်မယ့် အကြောင်း၊ အခုလို ဒီမိုကရက်တစ် ပါတီ ရဲ့ အထွေထွေ အတွင်းရေးမှူး ကနေ နှုတ်ထွက် လာရခြင်း ကလည်း ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ ထားခြင်း မဟုတ်တဲ့ အကြောင်း လည်း ဒေါ်နေရီဘဆွေ က ပြောပြပါတယ်။