DKBA နဲ့ အစိုးရ ညှိနှိုင်းနိုင်

dkba
Image caption ဒီကေဘီအေ စစ်ယူနီဖေါင်းနဲ့ လက်နက်ပါ ယူပြီး သွားခွင့်ရဖို့

ဒီကေဘီအေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွေ သောကြာနေ့က ကရင်ပြည်နယ်၊ ဘားအံမှာ တွေ့ဆုံ ခဲ့ ကြပါတယ်။

ဒီကေဘီအေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးနဲ့ မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်းတို့ အဖွဲ့ ဒီကေဘီအေ အတွက် လိုအပ်တဲ့ ကိစ္စတွေ ဆွေးနွေး ခဲ့ကြပါတယ်။

အဲဒီ ဆွေးနွေးပွဲ ကနေ နောက်ထပ် ဆက်ဆံရေး ရုံး ၃ ရုံး ကော့ကရိတ်၊ ဘားအံနဲ့ ကြာအင်းမှာ ဖွင့်ဖို့၊ ဒီကေဘီအေ စစ်သားတွေ တာ၀န် အရ ခရီးသွားတဲ့ အခါမှာ စစ်ယူနီဖေါင်း အပြည့်နဲ့ လက်နက်ပါ ယူပြီး သွားခွင့်ရဖို့၊ ဒါပေမဲ့ အစိုးရ ဖက်ကို ကြိုအကြောင်းကြား ရမယ်။ ပြီးတော့ ဒီကေဘီအေ ကုန်သွယ် စီးပွား ဆက်ဆံရေး ရုံး ၂ ရုံး လှိုင်းဘွဲနဲ့ နေပြည်တော်မှာ ဖွင့်ဖို့ နှစ်ဖက် သဘောတူ ကြတယ်လို့ ဒီကေဘီအေ ဗိုလ်မှူးချုပ် စောမိုရှေးက ပြောသွားပါတယ်။

ပြီးတော့ မကြာခင်ကပဲ ဒီကေဘီအေနဲ့ ဘီဂျီအက်ဖ် နယ်ခြားစောင့် တပ်ကြား မပြေလည်မှု တွေ ဖြစ်ခဲ့တာမျိုး နောက်ထပ် မဖြစ်ရအောင် ဘီဂျီအက်ဖ် နယ်ခြားစောင့် တပ်က မြိုင်ကြီးငူ ဒေသမှာ နေဖို့နဲ့ ဗိုလ်မှူးချုပ် စောဘီခို့ ဦးဆောင်တဲ့ ဒီကေဘီအေ ကလို့ထူးလား စစ်ဗျူဟာ က ထိုင်း-မြန်မာ နယ်စပ် မဲသဝေါ မှာ အခြေပြု ကြဖို့လည်း သဘောတူ ခဲ့ကြတယ် လို့ ဆိုပါတယ်။

နောက်ထပ် လက်နက်ကိုင်တပ်တွေကြား ပြဿနာ မဖြစ်ရအောင် အစိုးရတပ်၊ ဘီဂျီအက်ဖ်နဲ့ ဒီကေဘီအေ စစ်သားတွေကို တပ်အသီးသီးက ထိန်းသိမ်းကြဖို့ သဘောတူ ခဲ့ကြတယ်လို့ ဒီကေဘီအေ ဗိုလ်မှူးချုပ် စောမိုရှေးက ပြောပါတယ်။