SNLD ပါတီ တည်ထောင်လိုသူများ စုစည်း

U Khun Tun Oo ဓာတ်ပုံ မူပိုင် AP
Image caption ပြန်လွတ်လာတဲ့နေ့က ဦးခွန်ထွန်းဦး

ရှမ်း တိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီဟာ ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ဖို့ ပါတီ တည် ထောင်လိုသူများအဖွဲ့စာရင်းကို ပြုစုထားပြီးပြီလို့ သိရပါတယ်။

ဒီလို ဖွဲ့စည်းဖို့အတွက် ဇန်နဝါရီလ ၁၃ ရက်တုန်းက ထောင်က လွတ်မြောက်လာတဲ့ SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးက ဦးဆောင်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ဆွေးနွေးခဲ့ကြတာပါ။

လောလောဆယ် ပါတီတည်ထောင်လိုသူများ အဖွဲ့မှာ လောလောဆယ် ၁၆ ဦးရှိပြီး အရင် SNLD ပါတီက အဖွဲ့ဝင်ဟောင်းတွေ အဓိက ပါဝင်ကြတယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။ အဲဒီထဲမှာ ဦးခွန်ထွန်းဦး အပြင် ဦးစိုင်းညွန့်လွင်၊ ဦးစိုင်းစောအောင်၊ ဦးစိုင်းလှဖေတို့လည်း ပါဝင်ပါတယ်။

မတ်လ ပထမပတ်အတွင်း ပါတီ မှတ်ပုံတင် ပြန်လည် လျောက်ထားမယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

SNLD ပါတီဟာ တိုင်းရင်းသားတွေရဲ့ တန်းတူ အခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အဓိက ဦးစားပေးပြီး လုပ်ဆောင်သွားမယ့် ပါတီ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက ဒုတိယ အများဆုံး အနိုင်ရခဲ့ပြီး ရှမ်းပြည်နယ် အတွင်း အဓိက ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။