လယ်သမား နှီးနှောဖလှယ်ပွဲ ပိတ်ပင်ခံရ

လယ်လုပ်ငန်းခွင်မှာ လယ်သမားတဦး မြေသြဇာပက်ကျဲနေစဉ် ဓာတ်ပုံ မူပိုင် STRAFPGetty Images
Image caption လယ်လုပ်ငန်းခွင်မှာ လယ်သမားတဦး မြေသြဇာပက်ကျဲနေစဉ်

အခု ကြို့ပင်ကောက်မြို့ပေါ်က ပုဂ္ဂလိက ခန်းမတခုမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကို သက်ဆိုင်ရာ အာဏာပိုင်တွေက ပိတ်ပင်တားမြစ်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဒီလို နှီးနှောဖလှယ်ပွဲဟာ အခုမှလုပ်ခဲ့တာ မဟုတ်ပါဘူး။ ဇန္နဝါရီလမှာတုန်းက မကွေးမြို့ စစ္စရံကျေးရွာမှာ တကြိမ်၊ ဖေဖော်ဝါရီ လတုန်းက ဟင်္သာတမြို့ နယ် လေးမျက်နှာမြို့ အိုင်သပြု ကျေးရွာမှာ တကြိမ်ပြုလုပ်ခဲ့ဖူးပါတယ်။

သူတို့ လယ်သမားတွေအနေနဲ့ အခုလိုနှီးနှောဖလှယ်ပွဲ ကျင်းပကြတဲ့ ရည်ရွယ်ချက်ကတော့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ လယ်ယာမြေဥပဒေ မူကြမ်းနဲ့ မြေလွတ်မြေရိုင်း ဥပဒေ မူကြမ်းတို့မှာ ပါဝင်တဲ့အ ချက် အလက်တချို့ကို သဘောမတူနိုင်လို့ တောင်သူ လယ်သမားတွေရဲ့ သဘောထားကို ထုတ်ဖော်တင်ပြဖို့ တွေ့ဆုံစည်းဝေးကြတာဖြစ်ပါတယ်။

အခုလို လယ်သမားတွေရဲ့ အရေးနဲ့ ပတ်သက်တဲ့ ဥပဒေပြဌာန်းရာမှာ လယ်သမားတွေရဲ့ သဘောဆန္ဒပါဝင်သင့်တယ်လို့ သူတို့က ယူဆကြောင်း ဦးဆောင်ပြုလုပ်ခဲ့တဲ့ ကိုမျိုးသန့်က ပြောပါတယ်။

ဒါပေမဲ့ သူတို့ အနေနဲ့ လွှတ်တော်ထဲကို ဝင်ရောက်ခွင့်မရှိတဲ့ အတွက် အခုလို နှီးနှောဖလှယ်ပွဲတွေကျင်းပပြီး သူတို့ရဲ့ သဘောထားကို ပေးပို့နိုင်ဖို့ ကြိုးစားတာလို့ ဆိုပါတယ်။

သူတို့လယ်သမားတွေရဲ့ လိုလားချက်နဲ့ အခုပြဌာန်းမယ်ဆိုတဲ့ ဥပဒေတွေ အကြားမှာ အဓိက ခြားနားချက်ကတော့ သူတို့ လိုချင်တာက လယ်လုပ်သူ လယ်ပိုင်ခွင့် ဖြစ်ပြီး ဥပဒေတွေမှာ ဖော်ပြထားတာက လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ဖြစ်နေတဲ့ အချက်ပါ။

နောက်ထပ် ဥပဒေတခုဖြစ်တဲ့ မြေလွတ်မြေရိုင်းဥပဒေမှာတော့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေဟာ မြေလွတ်မြေရိုင်းတွေကို တကြိမ်ကို ဧက ၅၀၀၀ နဲ့ စုစုပေါင်း ဧက ငါးသောင်းအထိ ဖော်ထုတ်နိုင်ခွင့် ရှိပေမဲ့ လယ်သမားတွေအတွက်တော့ ဆယ်ဧကပဲ ဖော်ထုတ်ခွင့် ပေးထားပါတယ်။ ဒါကိုလည်း သူတို့က မကျေနပ်ကြပါဘူး။ သူတို့ လယ်သမားနှီးနှောဖလှယ်ပွဲတွေဘက်ကနေ သဘေားထားတွေ လွှတ်တော်ကို ပေးပို့ခဲ့ပြီးနောက်မှာတော့ လယ်သမားတွေဖော်ထုတ်ခွင့် ရှိတဲ့ ပမာဏကို ဧက ၅၀ အထိတိုးမြှင့်ခွင့်ပြုတဲ့ အကြောင်း ဥပဒေမှာ ပြင်ဆင်ပေးခဲ့တယ်လို့ ကိုမျိုးသန့်က ဆိုပါတယ်။

အခုပြုလုပ်မယ့် နှီးနှောဖလှယ်ပွဲကို ပိတ်ပင်တားမြစ်ရာမှာတော့ လယ်သမားတွေရဲ့ အဖွဲ့အစည်းဟာ တရားဝင် အဖွဲ့အစည်း မဟုတ်သေးလို့ ပိတ်ပင်တားမြစ်တာလို့ အာဏာပိုင်တွေဘက်က ဆိုပါတယ်။ လယ်သမားတွေဘက်ကတော့ သူတို့ဟာ အဖွဲ့အစည်းတရပ်အနေနဲ့ တွေ့ဆုံစည်းဝေးတာမဟုတ်ဘဲ လယ်သမားအရေးကို ဆောင်ရွက်ဖို့ တသီးပုဂ္ဂလ လယ်သမားတွေက သူတို့ သဘောနဲ့ သူတို့ တွေ့ဆုံစည်းဝေးကြတာလို့ ဆိုနေပါတယ်။