နိုင်ငံတကာ အမျိုးသမီးများနေ့

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘာကလီ ရိုထရီ ဆုရ ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတကာ အမျိုးသမီးများနေ့ နဲ့ တိုက်တိုက်ဆိုင်ဆိုင် အမေရိကန် ကယ်လီဖိုးနီးယား ပြည်နယ်၊ Berkeley Rotary Club ရဲ့ နှစ်ပတ်လည် ငြိမ်းချမ်းရေး ဆု ကို ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခြင်း ခံရပါတယ်။
ငြိမ်းချမ်းရေး နဲ့ မြန်မာ့ဒီမိုကရေစီရေး ကို အကြမ်းမဖက်တဲ့ နည်းနဲ့ နှစ်ပေါင်းရှည်ကြာစွာ အနစ်နာခံ ဆောင်ကျဉ်းပေးနေတဲ့ အပြင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် လည်းဖြစ်တဲ့ အတွက် Berkeley Rotary Club အဖွဲ့ဝင် တွေက ၂၀၁၁ ခု နှစ် အတွက် ရွေးချယ်ခဲ့ကြောင်း မြန်မာ အမေရိကန် ဒီမိုကရေစီ မဟာမိတ် အဖွဲ့ Burma American Democratic Alliance မှ ဉက္ကဌ ကိုညွန့်သန်းက ဘီဘီစီ ကို ပြောပါတယ်။
ဆုချီးမြှင့်တဲ့ အခမ်းအနား ကို Berkeley မြို့ Rotary Peace Grove Tilden Park မှာ ကျင်းပရာမှာ အထိမ်းအမှတ် သစ်ပင် ကို စိုက်ပျိုးပြီး ဒေါ်အောင်ဆန်းစုကြည် အမည်ပါ နာမည်ပြား ကို ကပ်လိုက်ပါတယ်။
အခုလို ကမ္ဘာ့လူသား တွေ ရဲ့ ငြိမ်းချမ်းရေး ကို အမြော်အမြင် ရှိရှိ နဲ့ စွမ်းဆောင်ပေးခဲ့တဲ့ လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေ ကို နှစ်စဉ် ရွေးချယ် ချီးမြှင့်ခံရတဲ့ အထဲမှာ မြန်မာလူမျိုးထဲက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ထမ်းခဲ့တဲ့ ဦးသန့် နဲ့ အခု ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ အတွက် ဂုဏ်ယူကြောင်း ကိုညွန့်သန်း က ဘီဘီစီ ကို ပြောပြပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာန ကလည်း Women's Courage Award အနေနဲ့ ကမ္ဘာ တဝန်းရှိ အမေရိကန် သံရုံးတွေက တဆင့် စကာတင် ရွေးချယ်ပေးထားတဲ့ ရဲစွမ်းသတ္တိရှိ တဲ့ အမျိုးသမီးတွေ စါရင်း တင်သွင်းပေး ရာမှာ အခုနှစ် အတွက် မြန်မာနိုင်ငံမှ မဇင်မာအောင် က ရရှိခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် ဟာ ဆုပေးပွဲ အခမ်းအနား အတွက် အမေရိကန် ပြည်ထောင်စု ကို ရောက်လာတာပါ။