အစိုးရ ဝန်ထမ်းလစာ ဘယ်တော့ တိုးမလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ ဘတ်ဂျက် နည်းဥပဒေအရ လစာတိုးတာမျိုး လုပ်လို့မရပါ

အစိုးရ ဝန်ထမ်းတွေ အတွက် လစာတိုးပေး နိုင်ဖို့ ဘတ်ဂျက်ဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်နေတယ်လို့ သိရကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက သီပေါ ပြည်သူ့ လွှတ်တော်အမတ် ဦးရဲထွန်းက ဘီဘီစီကို ပြောပါတယ်။

ဧပြီ ၁ မှာ စတင်မယ့် လာမယ့် ဘဏ္ဍာရေး နှစ်သစ် ၂၀၁၂-၂၀၁၃ က စလို့ နိုင်ငံ့ ဝန်ထမ်းတွေရဲ့ လစာကို မဖြစ်မနေ တိုးပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက စတင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တခါ မတ်လ ၁ ရက်မှာ သမ္မတ ဦးသိန်းစိန်က အစိုးရ နှစ်ပတ်လည် နိုင်ငံအခြေပြ မိန့်ခွန်းမှာ နိုင်ငံ့ စုစုပေါင်း လူဦးရေရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းပဲရှိတဲ့ နိုင်ငံ့ ဝန်ထမ်း လစာကို သင့်တော်တဲ့ အချိန်မှာ တိုးပါမယ်လို့ ပြောခဲ့ပါတယ်။

သမ္မတ မိန့်ခွန်းနောက်မှာ ပြည်ထောင်စုဝန်ကြီးတဦး ဖြစ်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ကလည်း သူတို့ဌာန ဘတ်ဂျက်ကနေ ကျပ်သန်း ၅၅၀၀ ထုတ်ပေးမယ်လို့ လွှတ်တော်မှာ ပြောလာပြန်ပါတယ်။

တကယ်တန်းမှာတော့ လက်ရှိ ဘတ်ဂျက် နည်းဥကဒေအရ ဘတ်ဂျတ်ကို လျှော့ချတာနဲ့ ငြင်းပယ်တာမျိုးပဲ လုပ်လို့ရပြီး၊ လစာတိုးတာတို့ လုပ်လို့ မရဘူးလို့ ဆိုပါတယ်။

ဒီအတွက် လစာတို့းဖို့ ဆိုရင် ဥပဒေကို ပြန်ဆွဲမှာ ရမှာဖြစ်ပြီး အခုတော့ ပြန်ဆွဲဖို့ ပြင်ဆင် နေတယ်လို့ ဦးရဲထွန်းက ပြောကြားတာ ဖြစ်ပါတယ်။