ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ကြိုတင် ထွက်လာ

Aung San Suu Kyi
Image caption ဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့၊ ဖွဲ့စည်းပုံ ပြင်ရေး တွေ ဒေါ်စု ဟောပြော ထား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်မြင်သံကြား ကနေ မဲဆွယ် ဟောပြောမယ့် မိန့်ခွန်း ဟာ ထုတ်လွှင့်ဖို့ စီစဉ် ထားတဲ့ မတ်လ ၁၄ ရက် မတိုင်ခင် အင်တာနက် စာမျက် နှာတွေ ပေါ်မှာ ကြိုတင် ထွက်ပေါ် လာပါတယ်။

အဲဒီမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီရဲ့ အဓိက နိုင်ငံရေး ရည်မှန်းချက်တွေ ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အကြောင်းတွေကို ပြောထား ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ ဟာအရေး ကြီးကြောင်း ပြောခဲ့ပြီး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်သမား၊ အလုပ်သမား၊ အမျိုးသမီးနဲ့ လူငယ်ရေးရာ တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း ပြောသွားခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီ ပါတီရဲ့ ရည်မှန်းချက် တွေဟာ ကြီးမားပေမယ့် တကယ်တမ်း မြန်မာ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ စံနစ် ပေါ်ပေါက် လာဖို့အတွက် အချိန် ယူရလိမ့်မယ်လို့ Democracy Internatoinal အဖွဲ့က အာဖဂန်နစ္စတန် နိုင်ငံ စီမံကိန်း ဆိုင်ရာ ဒုတိယ တာဝန်ခံ ဒေါက်တာ မင်းဇော်ဉီးက သုံးသပ် ပါတယ်။

အန်အယ်ဒီပါတီ ရွေးကောက်ပွဲ ဝင်တာဟာ တကယ်တော့ နိုင်ငံရေး လှုပ်ရှားမယ့် ဘောက်ကိုချဲ့လိုက် တာသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာ အစိုးရ နဲ့ ပတ်သက် လို့လည်း တကယ်တမ်း ဒီမိုကရေစီ စံနစ်ဆီ ရောက်အောင် လုပ်မယ် ဆိုရင် ဘယ်သူ့ ကိုဘဲ ဖြစ်ဖြစ် လက်ကမ်း ကြိုဆို သင့်တယ် လို့ ဒေါက်တာ မင်းဇော်ဉီးက ပြောပါတယ်။