မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့နိုင်ပြီ

Image caption မှတ်ပုံတင် အရာရှိချုပ်ကို ခန့်အပ်လိုက်ပြီလို့ အလုပ်သမား ဒုဝန်ကြီး ဉီးမြင့်သိန်းကပြော

အလုပ်သမား အဖွဲ့အစည်းတွေ မှတ်ပုံတင်ခွင့် အတွက် အာဏာပိုင်တွေဘက်က အဆင့်သင့် ဖြစ်သွားပြီ ဖြစ်လို့ အလုပ်သမား အသင်းတွေ၊ သမဂ္ဂတွေ ဖွဲ့စည်းနိုင်ပြီ ဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမြင့်သိန်းက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

အလုပ်သမားအသင်းအဖွဲ့ဆိုင်ရာ ဥပဒေကို မတ်လ ၉ ရက်နေ့က အာဏာသက်ဝင်ပြီလို့ သမ္မတက ကြေညာပြီးတဲ့နောက်မှာ၊ မှတ်ပုံတင် အရာရှိချုပ်ကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

အခုလက်ရှိ မှတ်ပုံတင်အရာရှိချုပ်ကတော့ အလုပ်သမားညွှန်ကြားရေး ဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးချစ်ရှိန်ဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

ဉီးချစ်ရှိန်ကလည်း ပြည်နယ် တိုင်းဒေသကြီး အဆင့်လိုက်၊ မြို့နယ်အဆင့်လိုက် မှတ်ပုံတင်အရာရှိတွေကို ခန့်အပ် ထားပြီ ဖြစ်ပါတယ်။

ဖွဲ့စည်းခွင့်ဆိုင်ရာ ဉပဒေစာအုပ် တသောင်းကို ထုတ်ဝေဖြန့်ချိထားပြီ ဖြစ်ပြီး၊ အလုပ်သမား အဖွဲ့တခုမှာ အနည်းဆုံးအဖွဲ့ဝင် ၃၀ ရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုစည်းမျဉ်းစည်းကမ်းတွေဟာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO နဲ့ ညှိနှိုင်း တိုင်ပင်ပြီး နိုင်ငံတကာ စည်းမျဉ်းတွေနဲ့အညီ ရေးဆွဲထားတာ ဖြစ်လို့ အားနည်းစရာ အကြောင်း မရှိနိုင်ဘူးလို့ လည်း သူကပြောပါတယ်။