အမေရိကန်က ကချင် ဒုက္ခသည်တွေ အတွက် ကူညီမယ်

မြန်မာ နိုင်ငံကို ခုနစ်လ အတွင်း ခြောက် ကြိမ်မြောက် လာရောက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချယ်က ရန်ကုန်မြို့က အမေရိကန် သံရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ရွေးကောက်ပွဲ အရေးနဲ့ ကချင် ရွာပုန်း ရွာရှောင် တွေကို ကူညီရေး ပြောခဲ့

ကချင် ပြည်နယ်က ရွာပုန်း ရွာရှောင် ဒုက္ခသည် တွေ အရေးနဲ့ လာမယ့် ဧပြီ ၁ ကြားဖြတ် ရွေးကောက်ပွဲ ကိစ္စ တို့ကို သူက ရှင်းလင်းခဲ့ ပါတယ်။

ကချင် ပြည်နယ်က ဒုက္ခသည်များအတွက် အလှူငွေ ပေးလှူမယ် လို့ပြောရာမှာ UNHCR ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး ရုံး ကနေ တဆင့် ဒေါ်လာ တစ်သန်းခွဲကို အမေရိကန် ပြည်ထောင်စုက လှူ ဒါန်းမယ်လို့ သူက ပြော ပါတယ်။

အခု တခေါက် ခရီးစဉ်မှာ အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကျိုး ကျေးဇူး တစုံတရာ ပေါ်ပေါက်အောင် ဆွေးနွေး ခဲ့တဲ့အတွက် အစိုးရပိုင်းကို ကျေးဇူးတင် ကြောင်းလည်း ပြောခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာ လက်ခံ လောက်တဲ့ မြန်မာပြည်သူတွေ ယုံကြည်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လိမ့်မယ်လို့ သူမျှော်လင်တဲ့ အကြောင်း လည်း ဒဲရက် မစ်ချဲက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်စုနဲ့ တွေ့စဉ် မြန်မာ့ နိုင်ငံရေး ဆွေးနွေးခဲ့

တကယ်လို့ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတပြီး အများ လက်ခံနိုင် လောက်တဲ့ ရွေး ကောက်ပွဲ ဖြစ်လာ ရေးဟာ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ် ဆို့မှုတွေ ကို လျှော့ပေါ့ ပေးရေးနဲ့ ဆိုင်တဲ့ အကြောင်းရင်းခံ တချက် ဖြစ်နိုင် ပေမဲ့ ဒီရွေးကောက်ပွဲ အပြင် နိုင်ငံရေးအကျဉ်းသား တွေ အားလုံး ကို လွှတ်ပေးဖို့နဲ့ တိုင်ရင်းသား အရေးကိစ္စတွေ ပြေလည်အောင် ဆောင်ရွက်ဖို့ တွေကလည်း အရေးကြီး တယ်လို့ မစ္စတာ မစ်ချဲက ပြောသွားပါတယ်။

မြန်မာ အစိုးရ ဘက်က လုပ်ဆောင်မှတွေကို ကြည့်ပြီး အမေရိကန် က တူညီတဲ့ တုန့်ပြန်မှု ဆက်လက် လုပ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး သံတမန်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေ အပေါ် မှာလည်း အသိ အမှတ်ပြု ပြောခဲ့ သလို ဗုဒ္ဓဟူး နေ့ကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံပြီး မြန်မာ့ မျက်မှောက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စ တွေကို ဆွေးနွေးခဲ့ ပါတယ်။