ဒေါ်အောင်ဆန်း စုကြည်ရဲ့ လားရှိုး စည်းရုံးရေး ခရီးစဉ်

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်း စုကြည်ကို လားရှိုးမြို့ခံတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ အဖွဲ့ဟာ ရှမ်းပြည် မြောက်ပိုင်း ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် စနေနေ့မှာ လားရှိုးမြို့ကို ရောက်ရှိလာခဲ့ပြီး လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်အလာကို လားရှိုး လေဆိပ် ရှေ့မှာ ပြည်သူလူထုတွေ ထောင်ချီပြီး သွားရောက် စောင့်ကြိုခဲ့ကြသလို လေဆိပ်ကနေ လူထုဟောပြောပွဲ ကျင်းပမဲ့နေရာကိုသွားတဲ့ လမ်းတလျှောက်မှာလဲ ထောင်သောင်းချီတဲ့ ပြည်သူ လူထုတွေက ရိုးရာဝတ်စုံတွေ၊ အိုးစည်ဗုံမောင်းတွေ၊ ရိုးရာအကတွေနဲ့ ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ စတင်တဲ့ အချိန်မှာတော့ ဟောပြောကွင်းမှာရော လမ်းမတွေ၊ တောင်စွန်း တောင်စောင်းတွေမှာပါ လူတွေ ထောင်သောင်းနဲ့ချီပြီး ပြည့်ကျပ် သွားခဲ့တယ်လို့ လားရှိုးမြို့ ဒေသခံက ပြောပါတယ်။

ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ ပြည်ထောင်စု နိုင်ငံ ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုပေါင်းစုံနဲ့ နေထိုင်နေကြတာ ဖြစ်ကြောင်း၊ လူဦးရေကလည်း များတာမို့ တဦးနဲ့ တဦး နားလည်မှု ရှိရမယ်လို့ ပြောကြားသွားကြောင်း အဲဒီဒေသခံက ပြောပါတယ်။

တခါ လူထုပရိသတ်ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို သူတို့ရဲ့ အခက်အခဲတွေကို ပြောပြခဲ့ကြရာမှာ သူတို့မှာ စီးပွားရေးနဲ့ပတ်သက်ပြီး အခက်အခဲ ရှိတဲ့အကြောင်း၊ နောက်တခုက မဲသွားပေးဖို့ သူတို့မှာ မှတ်ပုံတင် မရှိသေးကြောင်းနဲ့ မှတ်ပုံတင်လုပ်ဖို့ ကျတော့လဲ ပိုက်ဆံအများကြီးပေးရလို့ အခက်အခဲရှိတဲ့ အကြောင်း ပြောပြခဲ့ကြပါတယ်။

အဲဒီအခါ ဒေါ်အောင်ဆန်း စုကြည်က မှတ်ပုံတင်တွေကို ပိုက်ဆံ အများကြီးပေးစရာမလိုပဲ ရအောင် ဆောင်ရွက်ပေးသွားမယ်ဆိုပြီး ဖြေကြားသွားတယ်လို့ အဲဒီဒေသခံက ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လားရှိုးမြို့မှာ တညနားပြီး တနင်္ဂနွေနေ့မှာတော့ လားရှိုးနဲ့ မိုင် ၃၀ လောက်ဝေးတဲ့ သိန္နီမြို့ကို နေ့ချင်းပြန် သွားရောက် လည်ပတ်ဖို့ရှိပြီး အဲဒီနောက် ရန်ကုန်ကို ချက်ချင်းပြန်မယ်လို့သိရပါတယ်။

NLDပါတီဟာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်၃နဲ့ ရှမ်းပြည်နယ် ကလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေမှာ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။