ရွှေတူးလို့ ဟွေဖလားအင်း ကလယ်တွေပျက်စီး

Gold Panning ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာပြည် မြောက်ပိုင်းမှာ ရွှေထွက်တဲ့ နေရာ အများ အပြား ရှိပါတယ်

စစ်ကိုင်းတိုင်း ဟုမ္မလင်း မြို့နယ် ထဲမှာ ရှိတဲ့ ဟွေဖလား အင်းကို အမှီပြုပြီး နွေစပါး စိုက်ပျိုး လုပ်ကိုင် နေကြတဲ့ တောင်သူ တွေရဲ့ မြေဧက ၃၀၀ ကျော်ကို မကြာ သေးခင် ကမှ အစိုးရက ချပေးတဲ့ ရွှေတူးဖော်ခွင့် လိုင်စင်နဲ့ လုပ်ကိုင် နေတဲ့ ရွှေတွင်းတွေ က စွန့်ပစ်တဲ့ နုန်းမြေတွေ ဝင်နေ တာကြောင့် လယ်မြေတွေ ပျက်စီး ကုန်တယ်လို့ တောင်သူ တွေက ပြောပါတယ်။

အခု အခက် အခဲတွေ့နေ ကြတဲ့ လယ်သမား က ၄၀ ကျော် ရှိပြီး ဟွေဖလား အင်းမှာ ငါးလုပ်ငန်းနဲ့ အသက်မွေး တဲ့ အင်းသမား တွေလည်း ရှိတာမို့ သူတို့ မိသားစုတွေ ပေါင်းလိုက်ရင် ရွှေတွင်း တွေကြောင့် ဒုက္ခ ရောက်ကြ ရသူ ရာနဲ့ ချီပြီး ရှိနေ ပါတယ်။

ဟွေဖလား အင်းနဲ့ အနီး တဝိုက်က ရွာတွေဟာ အင်းအစပ်က ရေတိမ်ပိုင်းမှာ နွေစပါး စိုက်ပျိုး ကြတာ ဖြစ်ပြီး အခုအခါ လယ်သမား တွေ အခက်အခဲ ဖြစ်နေကြတယ်လို့ လယ်ပိုင်ရှင်တဉီးဖြစ်တဲ့ မနန်းခိုင်က ပြောပါတယ်။

အဲဒီ ဒေသ မှာမူလ ကတည်းက ရွှေမျော လုပ်ငန်း လေးတွေ ရှိခဲ့ ပေမယ့် ၂၀၁၁ ခုနှစ် မတ်လ တုန်းက ရွှေကြော တွေ့ရှိ ခဲ့ရာကနေ အဲဒီရွှေကြောကို တူးဖော်ဖို့ အစိုးရက လိုင်စင်ချပေး ရာမှာ လယ်ယာ မြေတွေ လည်းပါဝင် နေတာ ဖြစ်ပါတယ်။

ရွှေတူးဖော်ရေးကြောင့် လယ်မြေ ဆုံးရှုံး သူတွေ၊ ပျက်စီး သူတွေက ဒေသ အာဏာပိုင် တွေဆီ တိုင်ကြား တဲ့အခါ၊ အဲဒီလို ဆက်လက် မတူးဖော်ဖို့ အမိန့် စာတွေ ထုတ်ပြီး တားမြစ်ပေးခဲ့ ပေမယ့် လုပ်ငန်းတွေက ရပ်မသွားဘူး လို့ ဒီကိစ္စမှာ ကြား ဝင် အကျိုးဆောင် ပေးနေတဲ့ ဒေါ်စန်းစန်းဝင်း ကပြောပြပါတယ်။

ရွှေတွင်း လုပ်ငန်း ပိုင်ရှင်တွေက သူတို့ဟာ အစိုးရ တစ်ပိုင်း Semi-government အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ ပြောခဲ့ကြောင်း သူက ဆိုပါတယ်။

အခုအခါ မှာတော့ လယ်သမားတွေ ဖက်က ဥပဒေကြောင်း အရ ဆက်လက် အရေးယူဖို့ ကြိုးစားနေ ကြပါတယ်။

သူတို့ရဲ့ ဥပဒေ အကြံပေး ဖြစ်တဲ့ ရှေ့နေ ဉီးဖိုးဖြူကတော့ အခုလိုစည်းကမ်း ချိုးဖောက်မှန်း သိလျက်နဲ့ ဒေသ အာဏာပိုင် တွေက အရေးမယူ နိုင်တာဟာ သူတို့ထက် အဆင့်မြင့်တဲ့ အရာရှိတွေ ပါဝင် ပတ်သက် နေလို့ဖြစ်တယ် ဆိုပြီး ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဥပဒေအရ တောင်းဆိုနိုင်ဖို့ရက်ပိုင်းအတွင်းမှာဆောင်ရွက်သွားမယ်လို့ရှေ့နေဉီးဖိုးဖြူကပြောပါတယ်။