ရှမ်းပြည်နယ်မှာ မှတ်ပုံတင် မရှိကြလို့ မဲပေးဖို့ ခက်ခဲမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ ၂ ပတ်ပဲ လိုတော့ပေမယ့် ရှမ်းပြည်နယ်မှာ အများစုက မှတ်ပုံတင်မရှိကြ

ရှမ်းပြည်နယ် ပြည်သူလူထု အများစုဟာ မှတ်ပုံတင် မရှိကြတဲ့ အတွက် မဲစာရင်းမှာ ပါဖို့နဲ့ မဲပေးဖို့တို့ အတွက် အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ သိရပါတယ်။

အဓိကအားဖြင့် မှတ်ပုံတင်လုပ်ဖို့ အတွက် ကုန်ကျစရိတ်များတာကြောင့် လူတွေဟာ မှတ်ပုံတင်မလုပ် ဖြစ်ကြတာ ဖြစ်တယ်လို့ လားရှိုးဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီးတော့ မှတ်ပုံတင် သွားလုပ်တဲ့အခါမှာ လည်း ငွေကြေးမပေးရင် အာဏာပိုင်တွေက အချိန်ဆွဲနေတာကြောင့် ရဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒီလို မှတ်ပုံတင်မရှိတဲ့ ပြဿနာတွေဟာ ရှမ်းပြည် မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ နေရာ အတော်တော်များများမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံခြားသားတွေကတော့ ဒေသခံ ပြည်သူစစ်တွေနဲ့ ပေါင်းပြီ မှတ်ပုံတင် လွယ်လွယ်ကူကူ ရရှိသွားကြတယ်လို့ ဆိုပါတယ်။

အခု နှစ်ဆန်းပိုင်း လောက်ကစပြီးတော့ နမ့်ခမ်း၊ သန္ဒီမြို့နယ်တွေမှာတော့ လုပ်ရ ကိုင်ရတာ လွယ်ကူလာပြီဖြစ်လို့ အများစုက မှတ်ပုံတင်ရကြပြီလို့ သိရပါတယ်။

ဒါပေမဲ့လည်း မှတ်ပုံတင်မရှိသေးသူတွေ အနေနဲ့ ၂ ပတ်အတွင်း မဲပေးကြရတော့မှာ ဖြစ်တာ ကြောင့် အချိန်မီ ရနိုင်ကြမလားဆိုတာကတော့ မေးစရာဖြစ်နေပါတယ်။