ကချင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲ

Kachin refugees ဓာတ်ပုံ မူပိုင် HRW
Image caption ကချင် ဒုက္ခသည် စခန်းတနေရာ

စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ ကချင်လူမျိုး ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံနဲ့ ကပ်ဒုက္ခတွေခံစားနေရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ Human Right Watch က ရေးသားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာမှာ ဖော်ပြထားတာတွေကတော့ ကချင်ပြည်နယ်မှာ စစ်မက်ဖြစ်ပွား နေတဲ့ကာလ တလျောက်မှာ သာမန်ကချင်ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှု အမျိုးမျိုးကိုခံစားကြရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

အစီရင်ခံစာမှာ သူတို့ ဖော်ပြထားတဲ့ အထဲမှာ ဉပဒေမဲ့ သတ်ဖြတ်မှုတွေ အမျိုးသမီးကြီးငယ်တွေကို အဓမ္မပြုကျင့်မှုတွေ ပါဝင်သလို ဒုက္ခသည်တွေ အတွက် အခက်အခဲတွေလည်း ပါဝင်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ အလွန်ဆိုးဝါးတဲ့ ပြစ်မှုတွေကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှု မျိုးစုံပါဝင် နေတဲ့ အတွက် အဲဒီစွပ်စွဲချက်တွေ အတွက် လူ့အခွင့်အရေး အဖွဲ့မှာ ဘယ်လို သက်သေ အ ထောက်အထားတွေရှိသလဲ။ သူတို့ ဒီအစီရင်ခံစာကို ဘယ်လို ပြုစုခဲ့သလဲလို့ မေးတဲ့အခါမှာတော့ သူတို့အဖွဲ့အနေနဲ့ ကချင်ပြည်နယ်ထဲကို ၂၀၁၁ ခုနှစ် ဇူလိုင်လမှာတခေါက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ မှာ တခေါက် နှစ်ခေါက်သွားရောက်ခဲ့ပြီး လူပေါင်း ၁၁၂ ယောက်ကို တွေ့ဆုံမေးမြန်းပြီးမှာ ဒီအစီရင်ခံစာကို ပြုစုခဲ့တာပါလို့ HRW ဘန်ကောက်ရုံးက Phill Robertson က ပြောပါတယ်။

သူတို့အဖွဲ့အနေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသူတွေ ယုံကြည်အားထားလောက်တဲ့ မျက်မြင်သက်သေတွေကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီသက်သေတွေထဲမှာ သေနတ်နဲ့ ပစ်သတ်တာ ကို ကိုယ်တိုင် မျက်မြင် ကြုံတွေ့သူလည်း ပါသလို ကိုယ်တိုင် အဓမ္မ အပြုကျင့်ခံရတဲ့ အမျိုးသမီး နှစ်ယောက်လည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် HRW
Image caption ကချင် ဒုက္ခသည်များ

အစီရင်ခံစာထဲမှာ ဖော်ပြတဲ့ ဖြစ်စဉ်တခုမှာတော့ စစ်တပ်ကဖမ်းဆီးပြီး အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာကို အတူအဖမ်းခံရပြီး ကိုယ်တိုင်မြင်တွေ့ရတဲ့ ကချင်လူငယ်တယောက်က ပြန်ပြောပြတာလည်း ပါဝင်ပါတယ်။

သူ့အပြောအရ ဖမ်းမိတဲ့ အမျိုးသမီးတွေကို အဝတ်အစားချွတ်ပြီးသူတို့ရှေ့မှာ မတ်တပ်ရပ်ခိုင်းတယ်။ အမျိုးသမီးတွေရဲ့ ရင်သားလည်ပင်းစတဲ့နေရာတွေကို စစ်သားတွေက ကိုင်တွယ်ပြီးနောက် ဒါးနဲ့ထောက်ပြီးသူတို့ရှေ့မှာတင် အဓမ္မ ပြုကျင့်တယ်လို့ ဆိုပါတယ်။ ကြယ်သုံးပွင့်တပ် အရာရှိ ဗိုလ်ကြီးတယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာ အ မျိုးသမီး ၁၈ ယောက် အဓမ္မပြုကျင့်ခံရကြောင်းစွပ်စွဲချက်ရှိပြီး အဲဒီအထဲက လေးယောက်က အသတ်ခံရကြောင်း ရေးသားထားတဲ့ အချက်ရယ် ကချင်အမျိုးသမီးအဖွဲ့ကထုတ်တဲ့ အစီရင်ခံစာမှာ အမျိုးသမီး ၃၇ ယောက် အဓမ္မ ပြုကျင့်ခံရပြီး အဲဒီအထဲက ၁၃ ယောက် အသတ်ခံရကြောင်းရေးသားထားတာကိုလည်း ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာမှာ ရေးသားထားတဲ့ အထဲမှာ အစိုးစစ်တပ်တွင်မက ကချင် စစ်တပ်ဘက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ စွပ်စွဲထားပါတယ်။

အထူးသဖြင့်တော့ အစိုးရစစ်တပ်ရော ကချင်စစ်တပ်ရော နှစ်ဘက်စလုံးဟာ ကလေးစစ်သား အသုံးပြုနေသလို အရပ်သား စစ်သားမခွဲခြားဘဲ ထိခိုက်နိုင်တဲ့ နေရာမှာ မိုင်းအမျိုးမျိုး အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒါတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်နေတယ်လို့ သူကဆိုပြီး စုံစမ်းစစ်ဆေးခွင့် ပြုဖို့ ကို စစ်တပ်ဖက်ကိုရော ကေအိုင်အေကိုပါ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကချင်လူမျိုးဒုက္ခသည်တွေရှိရာကို အစိုးရက သွားရောက်ကူညီခွင့် မပေးတာကိုလည်း သူက ထောက်ပြပါတယ်။ ကုလသမဂ္ဂရဲ့ အဖွဲ့တဖွဲ့ကို ဒီဇင်ဘာလတုန်းက တခါဝင်ရောက်ခွင့်ပြုတာက လွဲပြီး ကျန်တဲ့ အဖွဲ့တွေအားလုံးကို ကချင်ထိန်းချုပ်ဒေသမှာရှိတဲ့ ဒုက္ခသည်တွေရှိရာသွားရောက်ခွင့်မပေးဘူးလို့ သူကဆိုပါတယ်။

ဒုက္ခသည်အားလုံးပေါင်း ၇ သောင်းခွဲလောက်ရှိတယ်လို့ သူခန့်မှန်းပါတယ်တဲ့။ အဲဒီ အထဲမှာ တသောင်းကျော်ဟာ တရုတ်နယ်စပ်က ဒုက္ခသည် စခန်းတွေမှာ ရှိပြီး ၄ သောင်းခွဲလောက်က ကချင်ထိန်းချုပ်ဒေသအတွင်းမှာ ရှိနေပါတယ်။ အဲဒီ ကချင် ထိန်းချုပ်ဒေသ ထဲမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ အဆိုးဝါးဆုံးဖြစ်ပြီး အစားအစာ အ မိုးအကာ စောင်နဲ့ အနွေးထည် အပါအဝင် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံ အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ အကူအညီတွေ အရေးတကြီးလိုအပ်နေတဲ့ အတွက် နိုင်ငံတကာ ကယ်ဆယ်ကူညီရေး အဖွဲ့ အစည်းတွေကို ဝင်ရောက်ခွင့် ပြုဖို့ လည်း အဲဒီ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။