ပထမနဲ့ နောက်ဆုံးအကြိမ်မဲဆွယ်ဖို့ ကော့မှူးကို ဒေါ်အောင်ဆန်းစုကြည်ရောက်

ကော့မှူးမြို့မှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ဟောပြော ဓာတ်ပုံ မူပိုင် AP
Image caption ကော့မှူးမြို့မှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ဟောပြော

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင် အခေါက်ခရီးစဉ်တွေဟာ ကန့်ကွက်လွှာ ရှိတာကြောင့် ပါတီစည်းရုံးရေး ခရီးသာဖြစ်ခဲ့ပြီး အခု အခေါက်ကျမှ သူ့ကိုမဲထည့်ဖို့ ဒေသခံတွေကို ဟောပြောမှာဖြစ်တယ်လို့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ကိုယ်ရေး လုံခြုံရေး အရာရှိ ဉီးခွန်သာမြင့်က ပြောပါတယ်။

ဒါကြောင့် အခုခရီးစဉ်ဟာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အတွက် ပထမဆုံးနဲ့ နောက်ဆုံး ခရီးဖြစ်ပါတယ်။

သူဟာလာမယ့် မတ်လ၃၁ရက်နေ့မှာ ရွေးကောက်ပွဲမဲပေးတာကို အားပေးဖို့ ဝါးသိင်္ခရွာမှာ ညအိပ်တည်းခိုမှာဖြစ်ပါတယ်။

သူကိုယ်တိုင်တော့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ သန်းခေါင်စာရင်းရှိတဲ့အတွက် ကော့မှူးကို စာရင်းပြောင်းဖို့ အဆင်မပြေလို့ မဲထည့်မှာမဟုတ်ဘူးလို့ ဉီးခွန်သာမြင့်ကပြောပါတယ်။

အခုလို မဲဆွယ်စည်းရုံးရေးခရီးတွေအတွင်းလူထုထောက်ခံမှုတွေရှိသလို ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့လက်ကမ်းကြောငြာတွေလည်း နေရာအတော်များများမှာ ထွက်ပေါ်နေပါတယ်။

ဒါဟာ နောက်ကွယ်မှာ အာဏာရပါတီကြီးတခုလည်းပါတဲ့ အထောက်အထားရှိတယ်လို့ အဖွဲ့ချုပ်ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဉီးဉာဏ်ဝင်းကပြောပါတယ်။

ဒီလိုရေးသားမှုတွေမှာ မမှန်မကန်စွပ်စွဲမှုတွေပါတဲ့အတွက် တိုင်းနဲ့ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ကော်မရှင်အထိ အကြောင်းအရာပေါ်မူတည်ပြီးတိုင်ကြားထားတယ်လို့ ဉီးဉာဏ်ဝင်းကပြောသွားပါတယ်။