ပြည်ထောင်စု အဆင့် ဆွေးနွေးဖို့ KNPP ကတိပြု

KNPP Flag ဓာတ်ပုံ မူပိုင် burmese
Image caption ကေအန်ပီပီ ဘက်က ပြည်ထောင်စု အဆင့် ဆွေးနွေး ဖို့ အသင့် ဖြစ်နေ

မကြာသေးခင် ကမှ မြန်မာ အစိုးရနဲ့ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့တဲ့ ကရင်နီ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ KNPP က လာမယ့် ဧပြီလ အတွင်းမှာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထပ်မံ လုပ်ဖို့ မတ်လ ၂၁ ရက်နေ့က ကတိပြု ကြေညာလိုက် ပါတယ်။

ဒါပေမဲ့ KNPP အနေနဲ့ စိုးရိမ်မှုတွေ ရှိနေသေး တာကို သူတို့ရဲ့ ထုတ်ပြန်ချက်မှာ တွေ့နေရ ပါတယ်။

သမ္မတရဲ့ ပြောကြားချက် အတိုင်း တိုင်းရင်းသား တွေကို တန်းတူ အခွင့်အရေး တွေ အပါအဝင် ကိုယ်ပိုင် ပြဌာန်းခွင့် တွေကို အမှန် တကယ် လုပ်ဆောင် ပေးဖို့လိုတဲ့ အပြင် အစိုးရ စစ်တပ်ဘက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကနေ အမြတ် ထုတ်တာမျိုး မလုပ်ဖို့ KNPP ရဲ့ ကြေညာချက်မှာ တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် ဒေသတွင်းက ပြည်သူ တွေအပေါ် အမျိုးမျိုး ဖိနှိပ် ချုပ်ချယ် နေတဲ့ လုပ်ရပ် တွေကို ရပ်ဆိုင်းပြီး ပြည်သူတွေ အပေါ် မတရားတဲ့ ဥပဒေ ထုတ်ပြန်ချက် တွေကို ပြန်လည် ရုပ်သိမ်း ဖို့ ကိုလည်း နှိုးဆော် ထား ပါတယ်။

၁၉၉၅ တုန်းကလို ငြိမ်းချမ်းရေးတွေ လုပ်ပြီး နောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်လို့ ငြိမ်းချမ်းရေး ပျက်ပြား သွားခဲ့ ရတဲ့ အခြေအနေမျိုး ထပ်မဖြစ်အောင် စောင့်ထိန်း ရမယ် ဆိုတာကိုလည်း ထောက်ပြ ပြောဆို ပါတယ်။

အခုလို KNPP ဘက်က စိုးရိမ်မှုတွေ ရှိနေရ တာဟာ နှစ်ဘက် အကြားမှာ ပြုလုပ် ထားတဲ့ အပစ် အခတ် ရပ်စဲရေး သဘော တူညီချက်က သိပ်ပြီး ခိုင်မြဲတဲ့ အဆင့် မဟုတ်သေးဘဲ ပဏာမ သဘော တူညီချက် အဖြစ်နဲ့သာ နှစ်ဘက် လက်ခံထားတဲ့ အဆင့်မှာပဲ ရှိနေသေးတာကြောင့် ဖြစ်တယ်လို့ KNPP အတွင်းရေးမှူး ၁ ခူး ဦးရယ်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မြန်မာ အစိုးရ စစ်တပ် ဘက်က သူတို့ နယ်မြေထဲမှာ တပ်တွေ ရုပ်သိမ်းမှု မရှိတဲ့အပြင် တပ် အသစ် တည်ဆောက်မှုတွေ လုပ်နေတာ တွေ့ နေရတဲ့ အတွက် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ မရောက်ခင်မှာ တခြား အဖွဲ့အစည်း တွေလို မြန်မာ အစိုးရ စစ်တပ်က သူတို့ တပ်ဖွဲ့ကို တိုက်ခိုက် လာနိုင်တယ် လို့ သံသယ ရှိနေတာ ဖြစ်တယ်လို့ လည်း ခူးဦးရယ်က ပြောပါတယ်။

နှစ်ဘက် အပြန် အလှန် ညှိနှိုင်း ကြရာမှာ အပြည့်အဝ နားလည်မှု မရနိုင်ဘူး ဆိုရင်တော့ နှစ်ဘက်စလုံးက တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှု အခြေ အနေ အလျှော့ အတင်း မလုပ်နိုင်ဘဲ ၁၉၉၅ ခုနှစ်က ပဋိပက္ခ ပုံစံလို ပြန်ရောက် သွားနိုင် တာကိုလည်း ခူးဦးရယ်က စိုးရိမ်တယ်လို့ ပြောပါတယ်။