သမ္မတရဲ့ လုပ်ဆောင်ချက်တချို့ ဥပဒေနဲ့မညီကြောင်း ဆုံးဖြတ်

ဓာတ်ပုံ မူပိုင် Reuters

သမ္မတ ဉီးသိန်းစိန်က ပြည်ထောင်စုအဆင့် အစိုးရလစာ လျှော့ယူမှု၊ အငြိမ်းစားတွေ အတွက် ပင်စင်လစာ တိုးမြှင့်ပေးခဲ့တာနဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခဲ့တာတွေဟာ အခြေခံ ဥပဒေနဲ့ မညီသလို တည်ဆဲဥပဒေနဲ့လည်း မကိုက်ညီကြောင်း ပြည်ထောင်စုလွှတ်တော်က သောကြာနေ့က ဆုံးဖြတ် လိုက်ပါတယ်။

ဒီအဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဌသူရ ဦးရွှေမန်းက တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်နှစ်ရပ်ပေါင်း ဥပဒေမူကြမ်း စိစစ်ရေး ကော်မီတီက သုံးသပ်ပြီးတဲ့ နောက်မှာ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာလဲ ဒီအဆိုကို မဲခွဲခဲ့တဲ့ အခါ ထောက်ခံမဲ ၄၇၇ မဲ၊ ကန့်ကွက်မဲ သုံးမဲ၊ ကြားနေမဲ ခုနှစ်မဲနဲ့ အနိုင်ရပြီး အတည်ဖြစ်လာတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက်ဖြစ်သူ ဦးရဲထွန်းက ဘီဘီစီကို ပြောပါတယ်။

သမ္မတဟာ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အမှားတွေ ပြုလုပ်မိပေမဲ့ ဒါဟာ စေတနာနဲ့ မှားယွင်းမှုတွေသာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက မှတ်ယူပြီး သမ္မတကို အရေးယူဆောင်ရွက်တာ တခုခု လုပ်ဖို့တော့ အစီအစဉ်မရှိကြပါဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ အစဉ်အလာကောင်းတခုကို ချမှတ်တဲ့ အနေနနဲ့ သမ္မတအနေနဲ့ လွှတ်တော်ကိုရော ပြည်သူလူထုကိုပါ သူ မှားယွင်းမိတဲ့ အကြောင်း တောင်းပန်ရင်တော့ သင့်တော်လိမ့်မယ်လို့ ဦးရဲထွန်းက ပြောပါတယ်။