ကချင်ဒေသမှာ စစ်ရေး အရှိန်အဟုန်တိုးလာနေ

ဓာတ်ပုံ မူပိုင် KIO
Image caption KIA နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တွေ မနှစ်က တွေ့ဆုံဆွေးနွေးခဲ့စဉ်

မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ အကြား လတ်တလော တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ဒီကနေ့အထိ နိုင်ငံရေး ဆွေးနွေးနိုင်တဲ့ အဆင့်ကို မရောက်နိုင် ပဲ ကချင်ပြည်နယ်မှာ စစ်ရေး အရှိန်အဟုန်တွေ များလာနေပါတယ်။

နှစ်ဘက် တွေ့ဆုံ ဆွေးနွေးမှုတွေ နောက်ဆုံး လုပ်ခဲ့တဲ့ မတ်လ ၁၀ရက် နောက်ပိုင်း ကချင် ဒေသမှာ တိုက်ခိုက်မှုတွေ အကြိမ် ၄၀လောက် ရှိခဲ့တယ်လို့ KIO က ပြောပါတယ်။

တခါ သောကြာနေ့ကစပြီး စနေနေ့အထိ မိုးမောက်မြို့နယ် စိန်လုံရွာရဲ့ အရှေ့ဖက် လဂပ်ဘွန် တောင်ခြေနားမှာ အစိုးရတပ်တွေနဲ့ KIA အကြား ၂ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အစိုးရ စစ်တပ် တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား ၁၀၀ကျော်လောက်ဟာ KIA တပ်မဟာ ၃ နယ်မြေဂွင်ထဲ ရုတ်တရက် ဝင်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA ဖက်က စခန်းတခုကို လက်လွှတ် ဆုတ်ခွာပေးခဲ့ရတယ်လို့ အဲဒီတိုက်ပွဲမှာ ပါတဲ့ KIA အရာရှိ တဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီစခန်းကို ပြန်သိမ်းယူနိုင်ဖို့ KIA ဖက်က စနေနေ့ မနက်ကစပြီး ပြန်တိုက်ခဲ့ရာမှာ တနေကုန် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ညနေ ၅နာရီကျော်လောက်မှာတော့ KIA ဖက်က စခန်းကို ပြန်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

စနေနေ့မှာပဲ KIO ဗဟိုကော်မီတီက လည်း ကချင်ဒေသမှာ စစ်ရေး အရှိန်တွေ တိုးလာနေ တာကို ပြည်သူတွေသိအောင်ဆိုပြီး အသိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီလို စစ်ရေးအရှိန်တွေ တိုးလာနေပေမယ့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကသာ KIO နဲ့ ဆက်ဆွေးနွေးလိုတဲ့ ဆန္ဒရှိနေမယ် ဆိုရင် ဆွေးနွေးပွဲတွေ ဆက်ရှိနေမှာ ဖြစ်ပြီး နိုင်ငံရေးအရ ဆွေးနွေးမှု အဆင့် ပေါ်ထွန်းလာအောင် KIOဖက်က တွန်းတင်နေတဲ့ အနေအထားမျိုး ရှိနေတယ်လို့ KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း KIO နယ်မြေထဲ အစိုးရတပ်တွေ အလွန်အကျွံ ကျူးကျော်လာရင်တော့ KIA အနေနဲ့ နည်းအမျိုးမျိုး သုံးပြီး တုန့်ပြန်သွားမယ်လို့ ဦးလာနန်းက ပြောပါတယ်။